ကစားသမား သုံးဦးကို ဘာကြောင့် တပြိုင်နက် လူစားလဲခဲ့သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က နယူးကာဆယ် ယူနိုက်တက် အသင်းကို 2-0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရတဲ့ ပွဲစဥ်မှာ သူ့ဖက်က စွန့်စားမှုတွေ လုပ်ဆောင်ဖို့ တကယ့်ကိုပဲ လိုအပ်နေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် ယူနိုက်တက် အသင််းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 29 ကစားခဲ့ပြီး ပထမပိုင်း ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ရတဲ့ အတွက် အဲရစ် တန်ဟတ် က ဒုတိယပိုင်းမှာ ဆန်ချို နဲ့ မာရှယ် တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။

ဒါပေမဲ့ သူတို့ ဝင်လာပြီး 3 မိနစ် အကြာမှာပဲ ယူနိုက်တက််တို့ ပြိုင်ဖက် အသင်းကို ဦးဆောင်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 82 မိနစ်မှာ အဲရစ် တန်ဟတ်က ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဗာရန်း ၊ မာတီနက်ဇ် နဲ့ ကွင်းလယ်ခံစစ် ကစားသမားဖြစ်သူ တော်မီနေး တို့ကို ထုတ်ခဲ့ပါတယ် ။

သူတို့ရဲ့ နေရာမှာတော့ တိုက်စစ်အားသန် ကစားသမားတွေ ဖြစ်ကြတဲ့ ပယ်လီစထရီ နဲ့ ဖရက်ဒ် ၊ ခံစစ်မှူး လင်ဒီလော့ဖ် တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါပေမဲ့ 6 မိနစ် အကြာမှာပဲ ယူနိုက်တက်တို့ နောက်တစ်ဂိုး ပေးခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ခံစစ် ကစားသမားတွေကို 3 ဦးအထိ လူစားလဲခဲ့တဲ့ တန်ဟတ်ရဲ့ လုပ်ရက်ဟာ ဝေဖန််ခံခဲ့ရပါသေးတယ် ။ အခုတော့ နယ်သာလန်သားက စွန့်စားမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေခဲ့တဲ့ အတွက် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ ပွဲချိန် ပြီးဆုံးခါနီး ဖြစ်ခဲ့ရပါတယ် ။ ဒီလို အနေ အထား တစ်ရပ်မှာ ကျွန်တော်တို့ တစ်ဂိုးရှုံးနေခဲ့တာမို့ စွန့်စားမှု လုပ်ဆောင်ရမှာပဲလေ ။ ဆန်ချို နဲ့ အန်သိုနီ မာရှယ်တို့ကိုထည့်သွင်းခဲ့တာက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ ၊ ဘောလုံးကိုင် ကစားနိုင်ဖို့ပါပဲ ”

” အဲ့ဒီနောက် ကျွန်တော်တို့ တစ်ဂိုး ရှုံးနိမ့်နေခဲ့ချိန်မှာ တစ်ဦးချင်း ကျော်ဖြတ် ကစားနိုင်မယ့်သူတွေ လိုအပ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ရဲ့ မောပမ်းနေတဲ့ ခံစစ်မှူး နှစ်ဦးကို ထုတ်ပြီး လန်းဆန်းနေတဲ့ တစ်ဦးကို ထည့်သွင်း ကစားခဲ့ရပါတယ် ။ သူဟာ ခံစစ် ကစားနိုင်သူ ၊ နေရာလွတ်တွေ မပေးသူ ဖြစ်ဖို့လိုတယ်လေ ”

” ပြီးတော့ တိုက်စစ်ပိုင်းကို အားပြု ကစားကြမဲ့ အသင််းသားတွေလည်း လိုအပ်ခဲ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ပယ်လီစထရီ ကို ထည့်သွင်းခဲ့ရပါတယ် ။ ကျွန်တော်တို့ အခွင့်အရေးကောင်း အချို့ကို ဖန်တီးနိုင်ခဲ့ကြတယ်လို့ ခံစားမိပါတယ် ။ မာရှယ်ဆိုရင် တကယ့် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သေးတယ်လေ ”

” ဒါပေမဲ့ အဝေးကွင်းဆိုတာ အချိန်ကြာလေ ခက်ခဲလေပါပဲ ။ ဒီလိုအချိန်မျိုးမှာ ခံစစ်လျှော့ပြီး တိုက်စစ်ကို ဖြည့်စွက် စွန့်စားရမှာပါပဲ ။ ကျွန်တော်တို့ ပွဲအဖြေကို ပြောင်းလဲဲချင်ခဲ့ကြပါတယ် ။ ဒီအတွက် သူတို့လည်း ကြိုးစားခဲ့ကြတာပါပဲ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar