အမ်းမရိတ်ခေတ်မှာ အိုဇေးလ် ထက် ပိုကောင်းခဲ့တဲ့ အာဆင်နယ် ကစားသမား ၄ ဦး ရှိတယ်လို့ ဆိုလိုက်တဲ့ ဖရင်ပေါင်

အီမန်နျူရယ် ဖရင်ပေါင် က Emirates Era မှာ အိုဇေးလ် ထက် ပိုကောင်းခဲ့တဲ့ အာဆင်နယ် ကစားသမား ၄ ဦး အထိ ရှိတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။ အိုဇေးလ် ဟာ အာဆင်နယ် အသင်းမှာ ၂၀၁၃ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၂၅၄ ပွဲ အထိ ကစားခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ ကစားခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်းမှာ အိုဇေးလ် ဟာ ဂန်းနား တို့အတွက် ၄၄ ဂိုး သွင်းခဲ့ပြီး ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ခဲ့ကာ အက်ဖ်အေဖလား ၄ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဂျာမနီ အသင်း နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကိုလည်း ရခဲ့ဖူးတဲ့ အိုဇေးလ် ဟာ မနေ့က ညနေမှာတော့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် ကနေ ထွက်ခွာ သွားပြီးနောက်ပိုင်း ဖီနာဘာချီ ၊ အစ္စတန်ဘူလ်ဘာဆာဟဲလ် တို့မှာ ကစားခဲ့ပါသေးတယ် ။ ဂန်းနား ကွင်းလယ်လူဟောင်း ဖရင်ပေါင် က အမ်းမရိတ်ခေတ်မှာ အိုဇေးလ် ဟာ သူ့ရဲ့အကောင်းဆုံး ကစားသမား စာရင်း နံပါတ် ၅ နေရာမှာပဲ ရှိတယ်လို့ BettingSites မှာ ပြောကြား သွားခဲ့ပါတယ် ။

” အိုဇေးလ် က အမ်းမရိတ်ခေတ် ရဲ့ အကောင်းဆုံး ကစားသမား မဟုတ်ပါဘူး ။ ထိပ်ဆုံး သုံးယောက်က ရော်ဘင် ဗန်ပါစီ ၊ ဆန်တီ ကာဇိုလာ ၊ အလက်ဆစ် ဆန်းချက်ဇ် ပါ ။ နံပါတ် ၄ နေရာမှာ ဖာဘရီဂက်စ် ကို ထည့်ရင် အိုဇေးလ် က နံပါတ် ၅ နေရာမှာပဲ ရှိနေမှာပါ ။ ”

” မီဆွတ် အိုဇေးလ် ရဲ့ ကစားပုံက သူ့ကို ပျင်းရိတဲ့ ကစားသမား ပုံပေါက်စေခဲ့ပါတယ် ။ ဆန်းဒါးလန်း နဲ့ ပွဲမှာ သူ အာဆင်နယ် အတွက် ပွဲဦးထွက် ကစားတော့ ကျနော် ကွင်းထဲမှာ ရှိနေပါတယ် ။ သူ အိုလီဗီယာ ဂျီရူး ရဲ့ ဂိုးကို ဖန်တီးပြီး အသင်း အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ၊ အဲ့ဒီပွဲရဲ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ ကစားဟန်ကိုက အေးအေးဆေးဆေး ကစားတာပါ ၊ အလျင်စလို မကစားပါဘူး ၊ ဒါကြောင့် လူတွေက သူ က အပျင်းတစ်တဲ့ ကစားသမား ဆိုပြီး ယူဆနေကြတာပါ ။”

” အိုဇေးလ် က ပြေးလွှား မကစားပါဘူး ၊ သူ့အစား တခြား ကစားသမားတွေက ပိုကစားပေးရတာပါ ၊ ဒါပေမယ့် သူက ဘောလုံး ရတာနဲ့ အခွင့်အရေးတွေကို ဖန်တီး ပေးနိုင်စွမ်းရှိပါတယ် ၊ သူ့ရဲ့ ကစားသမား တစ်ဘဝလုံး ဒါကို လုပ်ခဲ့တာပါ ၊ သူ့အနေနဲ့ စပိန်မှာသာ ဆက်ကစားမယ်ဆိုရင် သူ့ရဲ့ ကစားသမား ဘဝ ဒီထက် ပိုကြာမှာပါ ။ ”

” ပရီးမီးယားလိဂ် က သိပ်ကို အရှိန်အဟုန် ပြင်းထန်ပါတယ် ၊ သူ အာဆင်နယ် အတွက် လုပ်ပြခဲ့တာတွေကို မေ့ထားလို့ မရပါဘူး ၊ သူ အသင်းမှာ တကယ် ကောင်းခဲ့တာပါ ။ အာတီတာ နည်းပြ ဖြစ်လာပြီး သူ့ရဲ့ လုပ်အားနှုန်းကို ပိုမို စိုက်ထုတ်ဖို့ တောင်းဆိုတဲ့ အခါမှာတော့ အဆုံးသတ်က မလှဘူး ဖြစ်သွားခဲ့ပါတယ် ၊ သူ့အတွက် အဲ့ဒီလို ကစားရတာက ဘယ်လိုမှ အဆင်မပြေ ဖြစ်ခဲ့တာပါ ။ ”

” နောက်တော့ သူ အာဆင်နယ် ကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့​ပါတယ် ။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ် တွေအတွင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM