တူချယ်နဲ့ ပူးပေါင်းဖို့ ဆွေးနွေးမှု လုပ်နေချိန် ချဲလ်ဆီးရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို မလာဖို့ သဘောတူထားတဲ့ အန်သိုနီ ဘယ်ရီ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘိုင်ယန်မြူးနစ် အသင်းဟာ ဒေါ့မွန် ၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်ကို ၂နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူခန့်အပ်အပြီး ၊ နောက်တနေ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တူချယ်က ချဲလ်ဆီးမှာတုန်းက ၄င်းနဲ့ အတူ လက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ လက်ထောက် နည်းပြ အန်သိုနီ ဘယ်ရီကို ပြန်ခေါ်ဖို့ ကြိုးစားနေကြောင်း ထုတ်ပြောလာပါတယ် ။

ဒီလို လူသိရှင်ကြား ဖွင့်ဟပြောဆိုမှု အပြီးမှာ ချဲလ်ဆီးဖက်က တူချယ် အပေါ် အကြီးအကျယ် စိတ်ပျက်ခဲ့ပြီး ၊ ဘယ်ရီကို ဆက်ထိန်းဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ လွန်ဆွဲရတော့မှာ ဖြစ်ပါတယ် ။ ဘိုင်ယန်ဟာ မနေ့ကပဲ တူချယ်နဲ့ ပြန်လည် လက်တွဲဖို့ အတွက် အန်သိုနီ ဘယ်ရီထံ တရားဝင် ချဉ်းကပ်ခဲ့ပါတယ် ။

အသက် ၃၆နှစ် အရွယ်ရှိ ယင်းလက်ထောက်နည်းပြဟာ လက်ရှိမှာ ချဲလ်ဆီးနဲ့ စာချုပ် ကျန်ရှိနေသေးပြီး ၊ ဘိုင်ယန်ဖက်က ချဲလ်ဆီးကို ၄င်းအတွက် လုံလောက်တဲ့ နစ်နာကြေးမျိုးနဲ့ ကမ်းလှမ်းထားခြင်း မရှိပါဘူး ။ တူချယ်နဲ့ ဘိုင်ယန်ဖက်ကတော့ ဘယ်ရီ အတွက် ချဲလ်ဆီးနဲ့ သဘောတူညီမှု ရနိုင်ဖို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ် ။

တချိန်တည်းမှာပဲ ဘယ်ရီဟာ လာမယ့် စနေနေ့မှာ ပြန်စမယ့် ပရီးမီးယားလိဂ်ပွဲ မတိုင်မီ ၊ လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေစဉ် အတွင်း ကလပ်သို့ မလာဖို့ သဘောတူထားပါတယ် ။

ဒါ့အပြင် ဘယ်ရီဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားမယ့် အက်စတွန် ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ အတွက်လည်း နည်းပြ ခုံတန်းမှာ လာရောက်ပူးပေါင်းမှာ မဟုတ်ဘူးလို့လည်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောရဲ့ အဆိုအရ သိရပါတယ် ။

သို့ပေမယ့်လည်း ဘယ်ရီရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက်ဟာ ကလပ် တသင်းနဲ့ တသင်း အကြား မိတ်ဖက်ပျက်စေမှာ မဟုတ်တဲ့ အပြင် ၊ ကာယကံရှင် အပါအဝင် ၃ဦး၃ဖက်လုံး အတွက် အဓိပ္ပာယ် ရှိစေမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့လကပဲ ရော်ဘတ်တို မာတီနက်ဇ် ရှိရာ ပေါ်တူဂီ လက်ရွေးစင် အသင်းသို့ အချိန်ပိုင်း လက်ထောက် နည်းပြ ရာထူး အတွက် စေလွှတ်ခွင့်ပေးဖို့ သဘောတူထားခဲ့ပါသေးတယ် ။

ပြီးခဲ့တဲ့ လစ်ခ်ျတင်စတိန်း ၊ လူဇင်ဘာ့ဂ်တို့နဲ့ ယူရို ခြေစစ်ပွဲတွေကို ပေါ်တူဂီ အသင်း ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရစေဖို့ ဘယ်ရီဟာ တစိတ်တပိုင်း ပါဝင် စွမ်းဆောင်ပေးထားပါတယ် ။ တူချယ်နဲ့ ဘယ်ရီ အကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အတွက် ချဲလ်ဆီးတို့ ယင်းလက်ထောက်နည်းပြကို ထွက်ခွာပေးရနိုင်တယ်လို့ အတိုချုပ် ကောက်ချက်ဆွဲနိုင်ပါတယ် ။

ဘယ်ရီဟာ ဖရန့် လမ်းပတ် လက်ထက်ကတည်းက ဝီဂန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာတာ ဖြစ်ပြီး ၊ နည်းပြ ၃ဦး လဲသွားသည့်တိုင် အစဉ်အဆက် တာဝန်ကျေပွန်ခဲ့ပါတယ် ။ နိုင်ငံ အဆင့်မှာလည်း ၄င်းဟာ အိုင်ယာလန်နဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းတွေ အတွက် အလုပ်လုပ်ခဲ့ဖူးပါတယ် ။

တဖက်မှာ ချဲလ်ဆီး အဖို့ ဘယ်ရီ တဦးတည်းကို ဘိုင်ယန်ထံသို့ လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ပုံ ပေါ်မနေပါဘူး ။ အသင်းနဲ့ စာချုပ် တနှစ်သာသာပဲ ကျန်တော့တဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ဟာလည်း လာမယ့် နွေရာသီမှာ တူချယ် ရှိရာ ဘိုင်ယန်သို့ ပြောင်းရွှေ့ အခြေချနိုင်ခြေ ရှိပါတယ် ။

တူချယ်သာမက ၊ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာကလည်း ၄င်းအပေါ်မှာ နှစ်ရှည်များစွာ သဘောကျနှစ်သက်မှုတွေ ရှိနေတဲ့အပြင် ၊ ချဲလ်ဆီးဖက်က ၄င်းကို အခုအချိန်အထိ စာချုပ်သစ် ကမ်းလှမ်းထားနိုင်ခြင်း မရှိသေးပါဘူး ။

SPORTS MYANMAR