၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးခဲ့တဲ့ ခံစားချက်နဲ့ အတွေ့အကြုံ အကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဝေါ်လ်ကာ

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီး အသင်းဟာ လာမယ့် စနေနေ့ည အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ကိုပါအီတာလီယာချန်ပီယံ အင်တာမီလန် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ဒါဟာ မန်စီးတီး အတွက် ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ် မဟုတ်သလို ၊ ပထမဆုံး အကြိမ် ဖလား ၃လုံး ပိုင်ဆိုင်ခွင့် ရမယ့် အနေအထားလည်း မဟုတ်ပါဘူး ။ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီမှာဆို မန်စီးတီးဟာ ဖလား၄လုံး ပိုင်ဆိုင်နိုင်မယ့် အနေအထား အထိ ရောက်ခဲ့ပေမယ့် ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးခဲ့တာကြောင့် သမိုင်းသစ် ရေးထိုးနိုင်မယ့် အခွင့်အရေး တရပ် လက်လွှတ်ခဲ့ရပါတယ် ။

အခုတကြိမ်မှာတော့ စီးတီးဟာ မြို့ခံပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက်ရဲ့ Treble အောင်မြင်မှုကို လိုက်မှီဖို့ ချန်ပီယံလိဂ် ဖလား တလုံးပဲ လိုအပ်ပါတော့တယ် ။ ၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပွဲထွက်ပါဝင်ခဲ့တဲ့ မန်စီးတီး ညာနောက်ခံလူ ကိုင်လ်ဝေါ်လ်ကာက ချဲလ်ဆီးကို ရှုံးခဲ့ရတဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ဝေမျှပေးခဲ့ပါတယ် ။

 

The Telegraph နဲ့ တွေ့ဆုံခဲ့ရာမှာ ဝေါ်လ်ကာ က ” အဲဒီဖိုင်နယ် ပြီးတော့ ကျွန်တော့မှာ အဲဒီ ရှုံးနိမ့်မှု အတွက် စိတ်သက်သာရာ ရအောင် ပြန်လုပ်ဖို့ အတွက်တော့ အချိန် မရှိခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံ အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ၊

PORTO, PORTUGAL – MAY 29: Mason Mount of Chelsea runs with the ball followed by Phil Foden of Manchester City during the UEFA Champions League Final between Manchester City and Chelsea FC at Estadio do Dragao on May 29, 2021 in Porto, Portugal. (Photo by Alex Caparros – UEFA/UEFA via Getty Images)

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ စည်းချက်မိဖို့ ခပ်မြန်မြန်ပဲ သွားပူးပေါင်းခဲ့ရလို့ပါ ။ ”

” အဲဒီမှာ လက်ရွေးစင် အသင်းဆီ ရောက်လာကြတဲ့ ချဲလ်ဆီးကစားသမားတွေကို မြင်နေရတာက ခံစားရခက်ခဲ့ပါတယ် ။ သူတို့ကို ခင်ဗျားဖက်က ဂုဏ်ပြုစကား သွားပြောရပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်ရွေးစင်အသင်းမှာတော့ ကျွန်တော် အသင်းဖော်တွေ ဖြစ်ကြလို့ပါပဲ ။ ဒါပေမယ့် ခံစားရ ခက်ခဲ့ပါတယ် ။ ”

” အဲဒီနောက် ကျွန်တော် ကိုယ့်ကိုယ်ကို စိတ်ဓာတ် ပြန်မြှင့်တင်ပြီး နောက်ရာသီ အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ခဲ့ရပါတယ် ။ ဒါက ဘောလုံးပါပဲ ။ ဒါဟာ ခင်ဗျားရဲ့ ဘဝမှာ ကောင်းကောင်းမွန်မွန် မကျော်ဖြတ်နိုင်တဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ် ။ အဲဒီအပြင် နောက်ရာသီ အစပိုင်းမှာ ကျွန်တော် ကစားခွင့်တွေ ရမနေခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဘောလုံးမှာ အရာရာ ပြောင်းလဲနိုင်ပါတယ် ။ ခင်ဗျားဟာ ဒီလို ရလုဆဲဆဲ ၊ နိုင်လုဆဲဆဲ ပွဲတွေကို ကျော်ဖြတ်ရတဲ့အခါတိုင်း ဒီလို စိတ်ထိခိုက်မှုတွေတော ခံစားရမှာပဲလို့ ကျွန်တော် ထင်ပါတယ် ။ အသင်းကြီးအားလုံးဟာ ဒီလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင် ကျော်ဖြတ်ကြရတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒါကပဲ ခင်ဗျားကို လိုချင်တဲ့ အောင်မြင်မှုဆီ တပတ်ပြန်ကွေ့လာနိုင်ဖို့ အနည်းငယ် တွန်းအားပေးကောင်း ပေးပါတယ် ။ အောင်နိုင်သူတွေ စင်မြင့်ပေါ် တက်ပြီး ဆုတံဆိပ်တွေ ရယူတာကို မြင်ရတဲ့အခါ ၊ သူတို့တွေ လမ်းလျှောက်လာရင်း လူတွေက လက်ခုပ်သြဘာ ပေးတဲ့အခါတွေမှာပေါ့ ။ ”

” ကျွန်တော်တို့လည်း ဒီလို အတွေ့အကြုံမျိုး ရဖူးတာပါပဲ ။ ခင်ဗျား ကွင်းထဲကနေ ထွက်လာတဲ့အခါ ချန်ပီယံလိဂ်တေးသွားကို ကြည့်မိ ၊ ချန်ပီယံလိဂ် ဖလားကို ကိုယ့်ရှေ့မှာ မြင်မိတဲ့အခါ ဒါက ခင်ဗျား တကယ် မမျှော်မှန်းခဲ့သလိုမျိုး ၊ စိတ်ထဲမှာ ဒါကြီးက တကယ် ဖြစ်နေပါလားဆိုပြီး တွေးထင်မိရလောက် ဖြစ်စေပါတယ် ။ ”

” ဒီလို အခိုက်အတန့်မျိုးကို ပထမတကြိမ် ခံစားခဲ့ဖူးတာကြောင့် အခုတကြိမ် ကွင်းထဲက ထွက်လာတာနဲ့ ဒါကို ရင်းနှီးပြီးသား ဆိုတာ ခင်ဗျား သိနေပါပြီ ။ ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေအပေါ် ယုံကြည်ပြီး ဘောလုံးကောင်းကောင်း ကစားနိုင်ဖို့ပဲ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR