အင်္ဂလန် – ယူကရိန်း ပွဲမှ ချဲလ်ဆီး စတား တဦးရဲ့ ခြေစွမ်း အပေါ် ဝေဖန်သွားတဲ့ ဂျရတ်

မနေ့ညက ကစားခဲ့တဲ့ ဝင်ဘလေကွင်းမှာ အင်္ဂလန် – ယူကရိန်း ယူရိုအုပ်စုအဆင့် ခြေစစ်ပွဲမှာ အိမ်ရှင် အသင်းဟာ ပထမပိုင်း အတွင်းမှ တိုက်စစ်မှူး ဟယ်ရီကိန်း ၊ တောင်ပံကစားသမား ဘူကာယို ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

အင်္ဂလန်ဟာ ဒီပွဲမတိုင်ခင် ဒဏ်ရာ ၊ ပွဲပယ် ပြစ်ဒဏ်တွေ ရှိခဲ့ပေမယ့် ၊ ၄င်းတို့ထက် အားနည်းနေတဲ့ ယူကရိန်းကို သက်တောင့်သက်သာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ယူကရိန်းဖက်က ပေးခဲ့ရတဲ့ ၂ဂိုးလုံးဟာ ညာတောင်ပံဖက်က ဆာကာကို မတားဆီးနိုင်တာကြောင့် ပေးခဲ့ရတာ ဖြစ်ပါတယ် ။

ဒီနေရာမှာ ယူကရိန်း ဘယ်တောင်ပံ တိုက်စစ်မှာ ကစားခဲ့တဲ့ ချဲလ်ဆီး စတား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ခံစစ် ဆင်းကူတဲ့ နေရာမှာ ဆာကာကို ထိထိမိမိ မထိန်းသိမ်းနိုင်ခဲ့ပါဘူး ။ ပွဲအပြီး Channel 4 ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ လီဗာပူး ဂန္တဝင် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ဒုတိယပေးဂိုးမှာ ဆာကာကို လွယ်လွယ်ကူကူနဲ့ အလျှော့ပေးခဲ့တဲ့ မူဒရစ် အပေါ် အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဂျရတ် က ” ဒီနေ့မှာ အင်္ဂလန်ရဲ့ ကစားပုံက အံ့သြဖွယ်ကောင်းခဲ့ပေမယ့် ၊ ယူကရိန်းဖက်က ကြည့်ရင်တော့ သူတို့ဟာ အိမ်ရှင်ရဲ့ ထောင်ချောက်ဆင်ကစားခြင်းကို ခံခဲ့ရပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ မူဒရစ်ရဲ့ နည်းပြ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနေ့ သူ့ရဲ့ ခြေစွမ်း အပေါ် စိတ်ပျက်ခဲ့မိမှာပါ ။ ”

” သူဟာ ခုအချိန်အထိ လေ့လာသင်ယူနေဆဲ ဖြစ်ပေမယ့် ၊ ခင်ဗျား အနေနဲ့ ဆာကာကို သူ့ရဲ့ ညာခြေမှာပဲ ဘောလုံး ရှိနေအောင် ထိန်းထားနိုင်ရပါမယ် ။ သူ့ကို ဘယ်ခြေနဲ့ ပင်နယ်တီ ဧရိယာထဲ ချိုးဝင်ခွင့် ပေးလို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက သူ့အတွက် မှော်ကြိမ်လုံးလို ဖြစ်နေပြီး ၊ ရတဲ့အခွင့်အရေးကို ထိထိမိမိ အဆုံးသတ်နိုင်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဒီပွဲမတိုင်ခင်က ဝိန်းရူနီကို ကျော်ဖြတ်ကာ အင်္ဂလန် လက်ရွေးစင် ဂိုးအများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်းဟာ မနေ့ကပွဲမှာလည်း သူ့ရဲ့ သွင်းဂိုး မှတ်တမ်းကို ဆက်လက် ပေါင်းထည့်နိုင်ခဲ့ပါတယ် ။ ဂျရတ်ကတော့ ဟယ်ရီကိန်း အနေနဲ့ တော့တင်ဟမ်က ထွက်ခွာဖို့ စဉ်းစားသင့်ပြီလို့ အကြံပြုသွားပါတယ် ။

ဂျရတ် က ” ခင်ဗျား အနေနဲ့ ကျောပေးပြီး ကိုယ့်အသင်းဖော်ဆီကို ဘောလုံး ဖြန့်ပေးဖို့ မလွယ်ပါဘူး ။ ကိန်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ အကောင်းဆုံး ဘောလုံး ဖြန့်ဝေနိုင်သူတွေထဲက တဦးပါပဲ ။ သူ့မှာ အရည်အသွေးကောင်း အားလုံး ရှိနေပြီး ၊ သူဟာ အံ့သြဖွယ် ပုဂ္ဂိုလ် တဦးလည်း ဖြစ်ပါတယ် ။ ”

” သူဟာ ခင်ဗျားကို အင်္ဂလိပ်လူမျိုး တဦး ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ဂုဏ်ယူစေပါတယ် ။ နားထောင် ၊ ကျွန်တော် လောက်ပုလင်းကို မဖွင့်ချင်ပါဘူး ။ သူ့အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချဖို့ အချိန်ကျပါပြီ ။ ကျွန်တော်လည်း အဲလို အခြေအနေမျိုး ရောက်ခဲ့ဖူးတာပါပဲ ။ ”

” ကျွန်တော့ အတွက်တော့ အခြေအနေက ကွဲပြားခဲ့ပါတယ် ။ လီဗာပူးနဲ့ အတူ ဖလား တလုံး ဆွတ်ခူးရတာက ကျွန်တော့ အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ် ။ ကိန်းကတော့ မတူပါဘူး ။ သူဟာ တော့တင်ဟမ်မှာ ကြီးပြင်းလာတာ မဟုတ်ပါဘူး ။ ဆုံးဖြတ်ချက်က သူ့စိတ်ထဲမှာတော့ ရှိနေပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR