ယူရို ၂၀၂၄ မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ၃ သင်းကို ရွေးချယ်ပေးလိုက်တဲ့ မော်ရင်ညို

ဂျိုဆေးမော်ရင်ညိုက အင်္ဂလန် ပေါ်တူဂီ နဲ့ ပြင်သစ် တို့ဟာ လာမည့် ယူရို ၂၀၂၄ မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ယူရို ၂၀၂၀ ဖိုင်နယ်မှာ အီတလီကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်ဟာ ဒီနွေရာသီမှာ နောက်တဆင့် ထပ်တက်နိုင်ရန် ပစ်မှတ်ထားနေပါတယ်။

အင်္ဂလန်ဟာ ဆလိုဗေးနီးယား ဒိန်းမတ် ဆားဘီးယား တို့နဲ့အတူ အုပ်စုစီမှာ ကျရောက်နေပြီး ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ နာမည်ကြီး ပြင်သစ် အသင်းကလည်း ပိုလန် နယ်သာလန် သြစတီးယား တို့နဲ့အတူ အုပ်စုဒီမှာ ကျရောက်နေပါတယ်။ ပေါ်တူဂီဟာ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ လက်အောက်မှာ ပုံစံကောင်း ပြသနေပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၁၀ ပွဲစလုံးကို အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်း ဖြစ်ပါတယ်။

ပေါ်တူဂီဟာ အုပ်စုအက်ဖ်မှာ တူရကီ ဂျော်ဂျီယာ ချက် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ယူရို ၂၀၂၄ အတွက် ခန့်မှန်းချက်ကို မေးမြန်းရာမှာ မော်ရင်ညိုက “ကျနော့်ရဲ့ အမြင်ကတော့ ယူရိုပြိုင်ပွဲမှာ ရေပန်းအစားဆုံး နဲ့ အတောင့်တင်းဆုံး အသင်းတွေက ပေါ်တူဂီ ပြင်သစ် နဲ့ အင်္ဂလန် ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မထင်မှတ်တာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အရည်အသွေး နဲ့ ကစားသမား တစ်ဦးချင်း အရည်အသွေးတွေ အရ ပေါ်တူဂီ အနေနဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲသင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မော်ရငည်ိုက သူဟာ ပေါ်တူဂီ နည်းပြဖြစ်လာရန် အတော်လေး နီးစပ်ခဲ့သေးတယ်လို့ ထုတ်ဖော်လိုက်ပြီး လက်ရှိ မာတီနက်ဇ်ရဲ့ လက်အောက်မှာ ပေါ်တူဂီ တို့ တိုးတက်လာမှု အပေါ် ချီးကျူးသွားခဲ့ပါတယ်။

မော်ရင်ညိုက “ကျနော် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ခြေ ရှိခဲ့ပါတယ်။ တကယ့်ကို ဖြစ်နိုင်ခြေ ရှိခဲ့တာပါ။ အခု ကျနော်တို့ ယူရိုပြိုင်ပွဲကို သွားကန်ရမှာပါ။ မာတီနက်ဇ်ဟာ အဲဒီမှာ ကောင်းကောင်း လုပ်ပြနေသလို ကစားသမားမျိုးဆက် ကလည်း တအားကို ကောင်းပါတယ်။ ကျနော်ကတော့ သူတို့ကို အဲဒီမှာ ဗိုလ်စွဲစေချင်ပါတယ်။

ယူရိုမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် အသင်းဟာ ဆက်လက်တိုးတက်လာပြီး ကမ္ဘာ့ဖလားကို သွားရောက် ယှဉ်ပြိုင်မှာပါ။ အကယ်၍ ဒါဟာ တနေ့နေ့ ဖြစ်လာမယ်ဆိုရင် ဒီတစ်ကြိမ်က ဖြစ်နိုင်ခြေ များပါတယ်။”