အာဆင်နယ် အသင်း ရဲ့ ဒီရာသီ အကောင်းဆုံး ၊ အဆိုးဆုံးများ

 

အကောင်းဆုံး အခိုက်အတန့်

ဒီနှစ် အာဆင်နယ် ရဲ့ အကောင်းဆုံး အခိုက်အတန့် ၊ အပျော်ရွှင်ရဆုံး အခိုက်အတန့် အကြောင်း ပြောမယ်ဆိုရင် ဘုန်းမောက် နဲ့ ပွဲက နယ်လ်ဆင် ရဲ့ကန်ချက် ဂိုးဝင် သွားချိန်​က ထိပ်ဆုံးမှာ ရှိနေရမှာပါ ။၂-၂ ဖြစ်နေတဲ့ အချိန်မှာ နယ်လ်ဆင် ဟာ ထောင့်ကန်ဘောကနေ လျှံထွက်လာတဲ့ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်း ညာခြေနဲ့တော့ ဘယ်ခြေနဲ့ အပြင်း ကန်သွင်း ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီ အခိုက်အတန့်မှာ အမ်းမရိတ် ကွင်း တခုလုံး ပွက်လောရိုက် ဆူညံသွားခဲ့အထိ ဖြစ်သွားခဲ့တာပါ ။

နယ်လ်ဆင် ရဲ့နောက်ကျ အနိုင်ဂိုးဟာ အမ်းမရိတ် ကွင်းအတွင်းက ပရိသတ်တွေ ၊ အသင်းဖော်တွေ နည်းပြတွေ နှင့် ဖန်သားပြင်ထက်က ပရိသတ်တွေအတွက် ဘယ်တော့မှ မေ့မရနိုင်မယ့် အမှတ်တရ တခု ဖြစ်မှာ အသေအချာပါပဲ ။ နယ်လ်ဆင် ရဲ့ ဂိုးဟာ လက်စတာနဲ့ပွဲက ဝဲလ်ဘက် ရဲ့ နောက်ကျ ခေါင်းတိုက်ဂိုး ကိုလည်း ပြန်လည် အမှတ်ရစေခဲ့ပါတယ် ။

အကောင်းဆုံး ကစားသမား

ဒီနှစ် အတွက် အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ်ရတာ အတော်လေးကို ခက်ခဲပါတယ် ၊ ဂျေးဇု နှင့် ဆလီဘာ က ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူ ခဲ့ရသလို ဇင်ချန်ကို ကလည်း ခံစစ်ပိုင်း စွမ်းဆောင်ရည် ညံ့ဖျင်း ခဲ့ပါတယ် ၊ ရှာကာကလည်း နှစ်သစ်မှာ ပုံမှန် ခြေစွမ်းအောက် နေတဲ့ အခိုက်အတန့် ရှိခဲ့ပါတယ် ၊ Star Boy ဆာကာကလည်း တောက်လျှောက် ကောင်းလာခဲ့ပြီးခါမှ ပွဲပန်းတဲ့ ဒဏ် ၊ ဝက်စ်ဟမ်းနဲ့ ပွဲက ပင်နယ်တီ လွဲချော်မှုတွေ နောက်ပိုင်း ရာသီပိတ် ပွဲစဉ်တွေမှာ အရင်လို ခြေစွမ်းမပြ နိုင်ခဲ့ပါဘူး ။

ထိပ်တန်း ခြေစွမ်းကို တရာသီလုံး မဟုတ်ရင်တောင် ပွဲအများစု မှာ ပြသ နိုင်ခဲ့တဲ့ ကပ္ပတိန် မာတင် အော်ဒီဂတ် က ဒီနှစ် အတွက် အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ မြင်မိပါတယ် ။ နော်ဝေ ကပ္ပတိန် ဟာ ဒီနှစ်မှာ သူ့ရဲ့ ပင်ကိုယ် စွမ်းရည် ဖြစ်တဲ့ အံ့မခန်း ပေးပို့မှုတွေ လုပ်နိုင်ခဲ့တဲ့ အပြင် end product ကောင်းကောင်း နဲ့ ၁၅ ဂိုး အထိ သွင်း နိုင်ခဲ့ပါတယ် ။ သူသာ ဒီရာသီ ခြေစွမ်းမျိုး လာမယ့် ရာသီမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ရင် အာဆင်နယ် အသင်း လာမယ့်နှစ်မှာလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။

အဆိုးရွားဆုံး အခိုက်အတန့်

အာဆင်နယ် ၃-၃ ဆောက်သမ်တန် ပွဲပါ ၊ အမှတ်ပေး ဇယား အောက်ဆုံး က အသင်းကို အသည်းအသန် ကစားခဲ့ရပြီး ကံကောင်းလို့ သရေ တစ်မှတ် ရခဲ့တဲ့ ပွဲပါ ၊ ချန်ပီယံဆုကြီးကို မန်စီးတီး ထံ လက်လွှတ်လိုက်ရတော့မယ်လို့ ခံစားချက်မျိုး ရစေခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ် ၊ ၃-၃ သရေကျခဲ့တဲ့ ပွဲမတိုင်ခင် နှင့် ပွဲအပြီး ဆောက်သမ်တန် ရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် အမ်းမရိတ် က သရေပွဲဟာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပါဘူး ။

အဆိုးရွားဆုံး ကစားသမား

အဆိုးရွားဆုံး ကစားသမား လို့ ခေါင်းစဥ် တပ်ထားပေမယ့် မျှော်မှန်းထားသလောက် ဖြစ်မလာတဲ့ ကစားသမား လို့ပဲ သုံးနှုန်း ချင်ပါတယ် ၊ သူကတော့ ဖေဘီယို ဗီအဲရာ ပါ ၊ မတူညီတဲ့ လိဂ် ကနေ လာတဲ့ ကစားသမား တစ်ဦး အတွက် ပရီးမီးယားလိဂ် မှာ အသားကျဖို့ ရုန်းကန်ရတာမျိုးဟာ ဖြစ်လေ့ ဖြစ်ထရှိတာကြောင့် အဆိုးရွားဆုံးလို့ မသုံးချင်တာပါ ၊ ဒါပေမယ့် ဗီအဲရာ က ပရိသတ်တွေရဲ့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ကစားသမားတော့ ဖြစ်ခဲ့ပါတယ် ၊ သူ့ရဲ့ အစွမ်းအစ ကို ထုတ်ပြခွင့် ရမယ့် ပွဲတွေ ကစားခွင့် ရခဲ့ပေမယ့် ပေါ်တူဂီသား ဟာ လောက်လောက်လားလား စွမ်းဆောင်ရည် မပြ နိုင်ခဲ့ပါဘူး ၊ လာမယ့် ရာသီမှာ ဒီထက် ပိုတိုးတက် ကောင်းမွန်လာဖို့တော့ လိုပါတယ် ။

တိုးတက်မှု အရှိဆုံး ကစားသမား

သေချာပေါက် ဂရန်းနစ် ရှာကာ ပါပဲ ၊ ဒီနှစ်မှာ သူ ကစားနေကြ နေရာ မဟုတ်တဲ့ နေရာ မှာ ကစားခဲ့တဲ့ နှလုံးလှ လူမိုက်ကြီးဟာ ရာသီအကုန်မှာတော့ ပရိသတ်တွေ ရဲ့ချစ်ခြင်း မေတ္တာတွေ အပြည့်နဲ့ အမ်းမရိတ် ကို စွန့်ခွာ တော့မှာပါ ၊ ရှာကာ ရဲ့ ဒီနှစ် အတိုးတက်လာဆုံး အပိုင်းဟာ သွင်းဂိုး ပါဝင် ပတ်သက်မှု အပိုင်း ပါ ၊ ဒါ့အပြင် ရှာကာ ဟာ အရင်နှစ်တွေကလို မိုက်ရူးရဲဆန်တဲ့ အပြုအမှုတွေ ဖျက်ထုတ်မှုတွေ မလုပ်ခဲ့ဘဲ သတိရှိရှိ နဲ့ အသင်းကို တစ်ရာသီလုံး ဦးဆောင် ကစားသွားခဲ့တာပါ ၊ ကပ္ပတိန် လက်ပတ် မဝတ်ထားတဲ့ အဝတ်လဲခန်းအတွင်းက ခေါင်းဆောင် တစ်ဦးဆိုလည်း မမှားပါဘူး ။

အကြီးမားဆုံး ” What if moment”

လီဗာပူး နဲ့ ၂-၂ ဖြစ်နေချိန်မှာ မာတင်နယ်လီ ရဲ့ပေးပို့မှုသာ ဆာကာ ဆီ တိတိကျကျ ရောက်သွားခဲ့ရင် ၊ ဆာကာ တစ်ယောက် အလီဆွန် နဲ့ တစ်ဦးချင်း ကန်သွင်း ရသွားခဲ့မှာပါ ။ ဆာကာ သာ ကန်သွင်း ခွင့်ရပြီး ဂိုးဝင် ခဲ့ရင် အန်ဖီးလ် မှာ အာဆင်နယ် အသင်း အနိုင်ရပီး ချန်ပီယံဆု အတွက် တကယ့်ကို အားကောင်းသွားမှာပါ ။ တကယ့်ကို နှမြောစရာ အခိုက်အတန့် ဖြစ်ပီး ခုထက်ထိ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေရဆဲပါပဲ ။

SM