မန်ယူနိုက်တက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှ ရင့်ကျက်မှု မရှိသေးတဲ့ ချဲလ်ဆီး စတား တဦး အပေါ် ဝေဖန်သွားတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ရာသီပိတ်ပွဲ မတိုင်မီ လက်ကျန်ပွဲ တပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ၄ – ၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ကာ ၊ အဆင့် ၁၂ နေရာကနေ ပြန်တက်လာနိုင်ခြင်း မရှိခဲ့ပါဘူး ။

ဒီပွဲမှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်ဟာ ကလပ် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အသက် အငယ်ဆုံး line-up ကို ထုတ်သုံးသွားတာကြောင့် ၊ အခြေအနေ တချို့မှာ နားလည်မှု အလွဲတွေ ၊ ဟာကွက်တွေ ရှိနေခဲ့တာကို မြင်ရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် ၂ – ၀ မဖြစ်ခင် အထိ ချဲလ်ဆီးရဲ့ ကစားပုံ ၊ လုပ်အားနှုန်း ၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာ အိမ်ရှင်နဲ့ သူတင်ကိုယ်တင် ဖြစ်ခဲ့ပေမယ့် ၊ အဆုံးသတ် မသေချာမှု ၊ ပြိုင်ဖက် အမှားကို အခွင့်ကောင်းယူနိုင်တဲ့ အပိုင်းမှာတော့ ဧည့်သည် ခြင်္သေ့ပြာတို့ တပန်းရှုံးခဲ့တာကြောင့် အခုလို ပြတ်သားတဲ့ ရလဒ်မျိုး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။

ပေးခဲ့ရတဲ့ ဂိုးအားလုံးကို ကြည့်ရင် ခံစစ် ပေါ့လျော့မှုတွေနဲ့ချည်း သက်ဆိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ဗဟိုခံစစ်မှာ တွဲလေ့တွဲထ မရှိတဲ့ ထရက်ဗာ ချာလိုဘာနဲ့ ဝက်စ်လေ ဖိုဖာနာ အတွဲဟာ အတော် ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပြီး ၊ တတိယပေးဂိုး ဖြစ်တဲ့ ပင်နယ်တီ ခွင့်ပြုခဲ့ရတဲ့ နေရာမှာဆို ဖိုဖာနာရဲ့ တုန့်ပြန်မှုက အတော်လေး ပေါ့ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီတီဟတ်က ပွဲမှာလည်း မန်စီးတီးဖက်ကို ဘောလုံးမှားပေးခဲ့ရာကနေ ၊ တလုံးတည်းသော အနိုင်ဂိုးကို ဖိုဖာနာ တယောက် အလွယ်လေး ခွင့်ပြုခဲ့ပါတယ် ။ ဒီပုံစံ အတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်တရာသီ ပြီးလို့ သီယာဂို ဆေးလ်ဗား မရှိတော့တဲ့အခါ ချဲလ်ဆီး ခံစစ် အနေနဲ့ အတော်လေး အခက်ကြုံနိုင်ခြေ များနေပါတယ် ။

ချဲလ်ဆီး ခံစစ်မှူးဟောင်း ဖရန့် လီဘို့ဖ်က သူနဲ့ တနိုင်ငံတည်းသား ဖြစ်လို့ ယခင်က ချီးမွမ်းထောပနာ ပြုခဲ့ဖူးတဲ့ ဖိုဖာနာ အနေနဲ့ အိုးလ်ထရက်ဖို့ဒ်က အမှားမျိုး မကြာခင် ခေါင်းထဲက အမြန် ရှင်းထုတ်ဖို့ လိုကြောင်း သတိပေးရင်း ၊ သူ့ရဲ့ မရင့်ကျက်မှုကိုလည်း အခုလို ထောက်ပြဝေဖန်ခဲ့ပါတယ် ။

ESPN နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” သူ့အပေါ် ကျွန်တော့ရဲ့ ထင်မြင်ယူဆချက်တွေ မမှားဖို့ ကျွန်တော် ယုံကြည်ချင်နေပါသေးတယ် ။ အနာဂတ်မှာ သူ အမှားတွေကို ပြုပြင်နိုင်မယ်ဆိုတာပေါ့ ။ အကောင်းဆုံး ခံစစ်မှူး တဦး ဖြစ်လာဖို့ သူ့မှာ လိုအပ်တဲ့ အရာအားလုံး ရှိနေပါတယ် ။ ဒါပေမယ့် သူ အမြင်ကျယ်ဖို့ လိုပါတယ် ။ ”

” အခုဆို သူဟာ ကြီးကျယ်တဲ့ ကလပ် တသင်းဆီ ရောက်နေတာ ဖြစ်ပြီး ၊ သူ့ရဲ့ ကွင်းတွင်း ဆုံးဖြတ်ချက်တွေက အသင်းကို ဒုက္ခတွင်းထဲ ဆွဲမသွင်းအောင် လုပ်ပြနိုင်ဖို့ လိုနေပါတယ် ။ ဘရူနို ဖာနန်ဒက်ဇ် သူ့ကို ပေါင်ကြားထည့်သွားတဲ့ နေရာမှာဆို သူ့ရဲ့ စိတ်ပျက်မှုကို မြင်တွေ့ရမှာပါ ။ ”

” သူ့ရဲ့ တုန့်ပြန်က နုံအလွန်းခဲ့ပါတယ် ။ ဒါဟာ ရင့်ကျက်မှု မရှိပါဘူး ။ သူ ဒီထက် ပိုကောင်းအောင် တုန့်ပြန်ရပါမယ် ။ ဒီပွဲက အရာရာအားလုံးကို မကြာခင် သူ မေ့ဖျောက်နိုင်ဖို့ မျှော်လင့်ပါတယ် ။ ဒီလိုမျိုးသာ ဆက်လုပ်နေမယ်ဆိုရင်တော့ သူ့ရဲ့ ကစားသမား ဘဝဟာ ဒရာမာဆန်ဆန် ဆိုးဆိုးရွားရွား ဖျက်ဆီးခံရပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR