လီဗာပူးကစားသမားဘ၀ အမှတ်တရ အဖြစ်ဆုံး ဥရောပပွဲစဉ် ၂ ပွဲကို ထုတ်ဖော်လိုက်တဲ့ မီနာ

 

လီဗာပူး ဒုတိယအသင်းခေါင်းဆောင် ဂျိမ်းမီနာဟာ ပြီးခဲ့တဲ့ စနေနေ့က အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ကို ကစားသွားခဲ့ပြီး ရာသီကုန်မှာ ကလပ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ကလပ် အတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားပေးခဲ့ပြီး လီဗာပူးရဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အောင်မြင်မှုတွေမှာ အထူးကို အရေးပါခဲ့သူ ဖြစ်ပါတယ်။

မီနာက “ကျနော် ဒီမှာ ရှိနေတဲ့ မိနစ်တိုင်းကို နှစ်သက်ပါတယ်။ မယုံနိုင်စရာကလပ် ၊ ကြီးကြယ်တဲ့ကလပ် ဖြစ်ပြီး ကျနော် ဒီကို မရောက်လာခင်ကတည်းက သမိုင်းကြောင်း ကြီးထားခဲ့တဲ့ ကလပ် ဖြစ်ပါတယ်။ ကျနော်တို့လည်း ကိုယ့်သမိုင်းကို ရေးထိုးနိုင်ခဲ့ပါတယ်။ ကမ္ဘာအနှံ့လျှောက်သွားကာ ကျနော်တို့ အပေါ် အားပေးမှုများစွာကိုလည်း တွေ့မြင်ခဲ့ပါတယ်။

ကျနော် ဒီမှာ ရှိနေစဉ် စပယ်ရှယ် ဥရောပညတွေ ၊ မယုံနိုင်စရာ ပွဲစဉ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီထဲမှာ အမှတ်တရ အဖြစ်ဆုံး ပွဲစဉ် ၂ ပွဲကတော့ သိကြတဲ့အတိုင်းပဲ ဒေါ့မွန် နဲ့ ဘာစီလိုနာ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှတ်တရတွေဟာ ကျနော်နဲ့အတူ တသက်လုံး ရှိနေမှာ ဖြစ်ပါတယ်။

ကျနော်ဟာ လိဒ်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး ဒီကလပ်ရဲ့ အမာခံ ဖြစ်ခဲ့ပါတယ်။ နောက်လည်း ဖြစ်နေအုံးမှာပါ။ ဒါပေမယ့် အခြားကလပ်တစ်ခု (လီဗာပူး) က ကျနော့်ရဲ့ ရင်ဘတ်ထဲကို ဒီလောက်ကြီး ရောက်လာလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်မိခဲ့ပါဘူး။ ဒီစကားကို ကြည့်ရင် ဒီနေရာနဲ့ ပက်သက်တဲ့ အရာအားလုံးကို သိနိုင်ပါတယ်။

ကျနော် ဒီကလပ်မှာ အလုပ်လုပ်ခွင့် ရခဲ့တာဟာ တကယ့်ကို ကံကောင်းပါတယ်။ ပရိတ်သတ် အားပေးမှု ပြင်းထန်တဲ့ ဒီလိုကလပ်မှာ ကျနော် ၈ နှစ်ကြာ ကစားခွင့်ရတာကလည်း ကံကောင်းပါတယ်။ နံပါတ် ၇ အကျီ ၀တ်ဆင်ခွင့်ရခဲ့တာ ကလည်း ကံကောင်းပါတယ်။ ဒီနံပါတ်၀တ်ပြီး full-back မှာ ကစားတာကိုတော့ ခင်ဗျားတို့ နောက်ထပ် မြင်ချင်မှ မြင်ရတော့မှာပါ။ ဒါပေမယ့် ကျနော်ဟာ လီဗာပူး ကစားသမား တစ်ဦး အနေနဲ့ ဒီအကျီနဲ့ ထိုက်တန်အောင် အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ ဒေါ့မွန်တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီက ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီး ပထမအကျော့က ၁-၁ ဖြစ်ခဲ့ကာ ဒုတိယ အကျော့ အန်ဖီးမှာ လီဗာပူးဟာ ပွဲချိန် ၇၆ မိနစ်ထိ ၃-၂ နဲ့ ရှုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဆာခို (၇၇ မိနစ်) နဲ့ လော့ဗရန် (၉၁ မိနစ်) တို့က လီဗာပူး အတွက် ချေပဂိုး အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို အံ့ဖွယ် comeback နဲ့ တက်သွားခဲ့ပါတယ်။

နောက်တစ်ပွဲကတော့ ၂၀၁၈-၁၉ ရာသီက လီဗာပူးနဲ့ ဘာစီလိုနာ တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်ပြီး လီဗာပူးဟာ ပထမအကျော့က ကမ့်နူးမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အန်ဖီးမှာ ၄-၀ နဲ့ အံ့ဖွယ် အနိုင်ယူကာ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။