ဟယ်ရီကိန်း အော်စီမန် တို့ထက်စာရင် မန်ယူနိုက်တက်တို့ နွေရာသီမှာ ခေါ်ယူသင့်တဲ့ တိုက်စစ်မှုးကို ပြောပြလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနွေရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းကာ လာမည့် ရာသီ အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်ရန် ပြင်ဆင်သွားဖို့ ရှိနေပါတယ်။ နယ်သာလန် နည်းပြဟာ သူ့ရဲ့ ပထမဦးဆုံးရာသီ အိုးထရပ်ဖို့ဒ်မှာ အောင်မြင်မှု ရရှိထားခဲ့ပြီး ယူနိုက်တက်ရဲ့ ၆ ရာသီ ဖလားဝေးကွာနေမှုကို ကာရာဘောင်ဖလားနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။

မားကပ်ရပ်ဖို့ဒ်ဟာ ဒီရာသီ ယူနိုက်တက်ရဲ့ အောင်မြင်မှုမှာ အထူး အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပေးခဲ့သူ ဖြစ်ပြီး ကလပ်အတွက် ပြိုင်ပွဲစုံမှာ ၂၇ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ခရစ်စတီယာနိုရော်နယ်ဒိုကို ဆုံးရှုံးထားခဲ့တဲ့ အပြင် အန်သိုနီမာစီရယ်ကလည်း ဒဏ်ရာတွေနဲ့ တောက်လျှောက် ရုန်းကန်နေရတာကြောင့် ဆောင်းရာသီ အးအပြောင်းအရွေ့မှာ ဗက်ဟော့စ်ကို ခေါ်ယူအားဖြည့်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ နွေရာသီမှာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း ၁၂ လအတွင်း ဝင်လုမယ့် ဟယ်ရီကိန်းနဲ့ နာပိုလီမှာ ဂိုးတွေ တောက်လျှောက် သွင်းယူနေတဲ့ အော်စီမန် တို့ကို ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက် ဂန္တဝင်ကစားသမား ဖြစ်သူ ပေါလ်စခိုး ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အဆိုပါ နာမည်ကြီးပစ်မှတ်တွေထက်စာရင် အင်တာမီလန် တိုက်စစ်မှုး လော်တာရိုမာတီနက် ကိုသာ ခေါ်ယူသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

စခိုးက “ကျနော်ကတော့ ဟယ်ရီကိန်း အနေနဲ့ ဒီအချိန်မှာ တော့တင်ဟမ် ကနေ ပြောင်း‌ရွေ့ဖြစ်လိမ့်မယ်လို့ မထင်မိပါဘူး။ စပါး ဥက္ကဌ ဒန်နီရယ်လီဗီနဲ့ ဆွေးနွေးမှု လုပ်ရတာကလည်း တကယ့်ကို ရှုပ်ထွေးလှတဲ့ business ပဲ ဖြစ်ပါတယ်။ သူဟာ အပြောင်းအရွေ့ ဈေးကွက်ရဲ့ နောက်ဆုံးအချိန်ထိ ကိုယ့်ကို ဆွဲဆန့်ထားကာ နောက်ဆုံးမှာတော့ လက်ဗလာနဲ့ ကျန်နေခဲ့အောင် လုပ်နိုင်တဲ့သူပါ။

ဈေးကွက်ထဲမှာ အော်စီမန် တို့လို တိုက်စစ်မှုးတွေလည်း ရှိနေပါသေးတယ်။ ကျနော် သူ့ရဲ့ ကစားပုံကို သိပ်အများကြီးတော့ မမြင်ဖူးပါဘူး။ ဒါပေမယ့် သူဟာ ဒရော့ဘာလို ကစားသမားမျိုးလို့ ကျနော် ထင်ပါတယ်။ သူဟာ ယူနိုက်တက်ထက်စာရင် ချဲလ်ဆီးတို့ အလိုရှိတဲ့ တိုက်စစ်မှုး ပုံစံမျိုး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

ဆက်လက်ပြီး စခိုးက သူ့အနေနဲ့ ဟယ်ရီကိန်း အော်စီမန် တို့ထက်စာရင် အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်မှုး ဖြစ်သူ လော်တာရိုမာတီနက် ကို မန်ယူနိုက်တက် အတွက် အလို ရှိတယ်လို့ ပြောသွားပါတယ်။

စခိုးက “ကျနော်ကတော့ အင်တာမီလန်ရဲ့ လော်တာရိုမာတီနက် ကို နှစ်သက်ပါတယ်။ သူဟာ အဲရစ်တန်းဟတ် လိုချင်တဲ့ တိုက်စစ်မှုးမျိုးလို့ ကျနော် ထင်ပါတယ်။ တန်းဟတ်ဟာ ပြေးလွှားနိုင်ပြီး ကစားပုံ aggressive ဖြစ်ကာ ပြိုင်ဘက်ခံစစ်ကို လိမ်ခေါက်ကျော်ဖြတ်နိုင်တဲ့ တိုက်စစ်မှုးမျိူးကို နှစ်သက်သူပါ။ ရွေးချယ်စရာတွေ ရှိနေပါတယ်။

ကျနော်ကတော့ လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှုးတွေကို နှစ်သက်ပါတယ်။ ကျနော် ရပ်ဖို့ဒ်ကို နှစ်သက်သလို မာစီရယ် ကိုလည်း နှစ်သက်ပါတယ်။ သူတို့မှာ ဘယ်လို အရည်အသွေးတွေ ရှိနေသလဲဆိုတာ ကျနော်တို့အားလုံး သိပြီးသားပါ။ ဈေးကွက်ထဲမှာ ကိန်း အော်စီမန် တို့အပြင် အခြား ရွေးချယ်စရာ တိုက်စစ်မှုးတွေ ရှိနေပါတယ်။ ကျနော်တို့ တိုက်စစ်မှုး တစ်ဦးလောက် ခေါ်ယူနိုင်ဖို့ မျှော်လင့်မိပါတယ်။” လို့ ပြောသွားပါတယ်။

SM