လီဗာပူး၊ မန်ယူနိုက်တက် ၊ နယူးကာဆယ်? ပရီးမီးယားလိဂ် top 4 ကို သုံးသပ်လိုက်တဲ့ ဘင်နီတက်ဇ်

 

နယူးကာဆယ် မန်ယူနိုက်တက် လီဗာပူး တို့ဟာ လက်ကျန် ချန်ပီယံလိဂ်၀င်ခွင့် ၂ နေရာစာ အတွက် တိုက်ပွဲ၀င်လျက် ရှိနေကြပြီး အက်ဒီဟောင်းရဲ့ အသင်းဟာ လက်ရှိ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရှိနေကာ စတုတ္ထနေရာက မန်ယူနိုက်တက် နဲ့ အမှတ်တူနေပါတယ်။ အဆင့် ၅ နေရာက တစ်ပွဲပို ကစားထားတဲ့ လီဗာပူးကလည်း ၇ ပွဲဆက် လိဂ်နိုင်ပွဲနဲ့ အတူ တစ်မှတ်အကွာကနေ ဖိအားပေးလျက် ရှိနေပြီး ရှေ့က အသင်းတွေ ခြေချော်သွားတာနဲ့ နေရာ၀င်ယူသွားမယ့် အနေအထားမှာ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ လီဗာပူး တို့ကို ကိုင်တွယ်ခဲ့တဲ့ ရာဖေးဘင်နီတက်ဇ်ဟာ ပရီးမီးယားလိဂ် top 4 နဲ့ ပက်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်ကို ချပြသွားခဲ့ကာ လီဗာပူးတို့ top 4 နဲ့ လွဲချော်သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဘင်နီတက်ဇ်က “အားလုံး သိကြတဲ့ အတိုင်းပဲ ချန်ပီယံလိဂ်၀င်ခွင့် ရတာတို့ ဥရောပ၀င်ခွင့် ရရှိခြင်း တို့ကြောင့် ၀င်ငွေတွေ အများအပြား ရရှိလာနိုင်ပါတယ်။ အဲဒီနောက် ကိုယ်ဟာ ပိုမို ကောင်းမွန်တဲ့ ကစားသမားတွေ ကိုလည်း ခေါ်ယူလို့ ရသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဥရောပပြိုင်ပွဲ ကစားရခြင်းဟာ ဒီကစားသမားတွေ အတွက် အပို motivation ဖြစ်နေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ချန်ပီယံလိဂ် ၀င်ခွင့်ဟာ မန်ယူနိုက်တက် နယူးကာဆယ် နဲ့ လီဗာပူး တို့အတွက် တကယ့်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျနော် ကတော့ ဒီအချိန်မှာ မန်ယူနိုက်တက် နဲ့ နယူးကာဆယ် တို့ဟာ အသာစီး အနေအထားမှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ဘာဖြစ်လာမလဲ ဆိုတာ မသိနိုင်ပါဘူး။

လီဗာပူးဟာ ဒီအချိန်မှာ ကောင်းကောင်း လုပ်ပြနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်မှာ လုံလောက်တဲ့ အမှတ်တွေ ရယူနိုင်ဖို့ အတွက် ယုံကြည်မှု ၊ intensity ၊ ကျစ်လစ်တဲ့ စုဖွဲ့မှု နဲ့ ဟန်ချက်ညီမှုတွေ ရှိနေပါတယ်။ သူတို့ top 4 မှာ ဆက်ရှိနေနိုင်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လက်ကျန် ၂ ပွဲမှာ အက်စတွန်ဗီလာ (H) ၊ ဆောက်သမ်တန် (A) တို့နဲ့ ကစားရမှာ ဖြစ်ပြီး မန်ယူနိုက်တက် ဘုန်းမောက် (A) ၊ ချဲလ်ဆီး (H) ၊ ဖူဟမ် (H) နဲ့ နယူးကာဆယ်က ဘရိုက်တန် (H) ၊ လက်စတာ (H) ၊ ချဲလ်ဆီး (A) တို့နဲ့ ကစားသွားရမှာပါ။