မက်အလစ္စတာ ထက်စာရင် လီဗာပူးတို့ ပိုမိုဦးစားပေး ခေါ်ယူသင့်တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူးဟာ နွေရာသီမှာ ကွင်းလယ်ပိုင်းကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိနေပြီး လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ဂလင်းဂျွန်ဆင်က ယာဂန်ကလော့ အနေနဲ့ ဘရိုက်တန်ရဲ့ မက်အလစ္စတာ ထက်စာရင် ချဲလ်ဆီးရဲ့ မေဆင့်မောင့်ကို ခေါ်ယူရန် ပိုမို ဦးစားပေးသင့်တယ်လို့ ဆိုလိုက်ပါတယ် ။

ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းမှုတွေ လုပ်သွားမယ့် လီဗာပူးဟာ လက်ရှိအချိန်မှာ မက်အလစ္စတာ မေဆင့်မောင့် ဂရာဗန်ဘတ်ခ်ျ ကိုင်စီဒို အူဂါတေး အစရှိတဲ့ ကွင်းလယ် ကစားသမား တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးဟာ မက်အလစ္စတာနဲ့ ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့ သတင်းထွက်နေသလို မေဆင်မောင့်နဲ့လည်း ဆွေးနွေးမှုတွေ အဆင်ပြေနေတယ်လို့ သိရပါတယ်။

အဆိုပါ ကစားသမား ၂ ဦးရဲ့ ပြောင်းရွေ့ကြေးကိုတော့ သက်ဆိုင်ရာ ကလပ်တွေက ပေါင်သန်း 70 သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဂလင်းဂျွန်ဆင်က ကမ္ဘာ့ဖလားဆုရှင် မက်အလစ္စတာ အနေနဲ့ လီဗာပူးမှာ ချက်ချင်း နေရာရရန် ရုန်းကန်ရနိုင်တယ်လို့ ဆိုလိုက်ပြီး မေဆင်မောင့် ကတော့ ယာဂန်ကလော့ရဲ့ အသင်းအတွက် ပိုမို အံဝင်တဲ့သူ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ် ။

ဂျွန်ဆင်က “ကျနော့်ရဲ့ စကားက ရူးကြောင်ကြောင်နိုင်ပေမယ့် ယနေ့ခေတ်မှာ ကစားသမားကောင်း တစ်ဦးအတွက် ပေါင်သန်း ၇၀ ဆိုတာ သိပ်ပြီး ဈေးမကြီးဘူး မဟုတ်လား? မက်အလစ္စတာဟာ ကစားသမားကောင်း တစ်ဦးဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကစားသမားတစ်ဦးအတွက် ပေါင်သန်း 70 သုံးစွဲရမယ်ဆိုရင်တော့ ကျနော် မေဆင်မောင့် အတွက်ပဲ သုံးစွဲသွားမှာပါ။

မေဆင်မောင့်ဟာ လီဗာပူးရဲ့ ကစားဟန်နဲ့ ပိုမို အံဝင်မယ့် ကစားသမား ဖြစ်ပါတယ်။ သူဟာ လီဗာပူးရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ချက်ချင်း နေရာရမယ့်သူ ဖြစ်ပြီး မက်အလစ္စတာကတော့ လီဗာပူးရဲ့ ပွဲထွက်စာရင်းမှာ ချက်ချင်းကြီး နေရာ ရယူနိုင်မယ်လို့ ကျနော် မထင်မိပါဘူး။

သူဟာ တကယ်ကောင်းတဲ့ squad player တော့ ဖြစ်လာမှာတော့ သေချာပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သူတို့ မေဆင်မောင့်ကို ခေါ်ယူတာကိုပဲ ပိုမို မြင်တွေ့ချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

မောင့်ဟာ ချဲလ်ဆီးနဲ့ 2024 ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု မရခဲ့ပါက ချဲလ်ဆီးဟာ ၎င်းကို နွေရာသီမှာရောင်းထုတ်သွားဖို့ ရှိနေပါတယ်။