စိတ်၀င်စားဖို့ ကောင်းလာတဲ့ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းလိုက်တဲ့ ဖာဒီနန် နဲ့ ပီတာခရော့ခ်ျ

မန်ချက်စတာယူနိုက်တက်တို့ မနေ့ညက ၀က်ဟမ်းကို ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း ရီယိုဖာဒီနန်က အဲရစ်တန်းဟတ်ရဲ့ အသင်းအနေနဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ် top 4 မ၀င်ခဲ့ဘူးဆိုရင် သူအတော်လေး အံ့သြမိမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီဂီယာရဲ့ အမှားကြောင့် ပေးလိုက်ရတဲ့ တစ်လုံးတည်းသော ဂိုးနဲ့အတူ မန်ယူနိုက်တက်ဟာ London Stadium မှာ ရှုံးနိမ့်ခဲ့ပြီး အခုဆိုရင် ၎င်းတို့ထက် တစ်ပွဲပိုကစားထားတဲ့ အဆင့် ၅ နေရာက လီဗာပူးနဲ့ ၁ မှတ်သာ ကွာဟနေပါတော့တယ်။

နယူးကာဆယ်ကလည်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် top 4 race ဟာ ပိုမို စိတ်၀င်စားစရာ ဖြစ်သွားခဲ့ပြီး လက်ကျန် ချန်ပီယံလိဂ်၀င်ခွင့် ၂ နေရာစာ အတွက် နယူးကာဆယ် မန်ယူနိုက်တက် လီဗာပူး ဘရိုက်တန် တို့ ပြိုင်ဆိုင်သွားကြမှာ ဖြစ်ပါတယ်။ ဖာဒီနန်က လီဗာပူးဟာ သူတို့ရဲ့ နိုင်ပွဲဆက်မှတ်တမ်းကို ရာသီကုန်ထိ ဆက်ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် လက်ကျန် ၄ ပွဲမှာ အိမ်ကွင်း ၃ ပွဲကစားရမယ့် မန်ယူနိုက်တက်ကို ကျော်တက်နိုင်လိမ့်မယ်လို့တော့ မထင်ထားပါဘူး။

ဖာဒီနန်က “မန်ယူနိုက်တက် ကစားသမားတွေဟာ လက်ကျန် ပွဲစဉ်ဇယားကို ကြည့်နေကြမှာ ဖြစ်ပြီး ဒီထဲက ၃ ပွဲက အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် သူတို့ ယုံကြည်မှု ရှိနေကြမှာပါ။ သူတို့ရဲ့ form ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ သိပ်မကောင်းဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ အခုချိန်ကနေစပြီး ဒါကို ပြန်ရှာသွားရမှာ ဖြစ်ပါတယ်။ အိုးထရပ်ဖို့ဒ် ပရိတ်သတ်ဟာ ကြီးမားတဲ့ ကဏ္ဍကနေ ပါ၀င်လာမှာပါ။ ဒါပေမယ့် ကစားသမားတွေ ဘက်ကလည်း အကောင်းဆုံး လုပ်ပြဖို့ လိုအပ်ပါတယ်။

သူတို့ဟာ သိပ်ပြီးမကောင်းခဲ့တဲ့ ရက်သတ္တပတ် တစ်ချို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ ဒါကို ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ နောက်ကနေ ကပ်လိုက်ပြီး သူတို့ လက်ကျန် ၃ ပွဲစလုံးကို အနိုင်ရကာ ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်ဟာ top 4 ၀င်ဖို့အတွက် လုံလောက်စွာ လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ ဒီလို မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျနော် တအား အံ့သြမိမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ပီတာခရောက်ခ်ျကလည်း “လီဗာပူးဟာ နိုင်ပွဲတွေဆက်နေခဲ့တာကြောင့် top 4 မျှော်လင့်ချက် ပြန်ရှိလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ သူတို့ဟာ top 4 race ကနေ လုံး၀ထွက်သွားပြီလို့ ယူဆထားခဲ့တာပါ။ သူတို့ဟာ အခု ဒီ race ထဲကို ပြန်ရောက်လာခဲ့ပါတယ်။ လီဗာပူးတို့ လက်ကျန်ပွဲတွေ အားလုံး အနိုင်ရမယ်လို့ ကျနော် ထင်ထားပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက်ဟာ top 4 ၀င်နိုင်ဖို့အတွက် လုံလောက်စွာ လုပ်သွားမယ်လို့ ကျနော် ထင်ပါတယ်။ လီဗာပူး နဲ့ ဘရိုက်တန် တို့အတွက် top 4 ၀င်ဖို့ဟာ အနည်းငယ် ခက်ခဲပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဒီနေရာကို ထိန်းသွားနိုင်လိမ့်မယ်လို့ ကျနော် မြင်နေပါတယ်။”

SM