အသင်းနဲ့ သင့်လျော်မှု မရှိတဲ့ စတား တဦးရဲ့ နေရာကို အစားထိုးသွားဖို့ ချဲလ်ဆီးထံ တိုက်တွန်းသွားတဲ့ ဘင်ဖော်စတာ

လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်အောက်မှာ ချဲလ်ဆီး အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား နေရာကို ရလာတဲ့သူက စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါ ဖြစ်ပြီး ၊ ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်က နံပါတ်တစ် ဂိုးသမား အက်ဒွာ မန်ဒီကို နောက်ကောက်ချထားပါတယ် ။

ကီပါဟာ ချဲလ်ဆီးနဲ့ အတူ ဆိုးရွားတဲ့ ဘောလုံးရာသီ တခု ဖြတ်သန်းနေရသည့်တိုင် ၊ တဦးချင်း လက်စွမ်း အရ မနိမ့်ကျခဲ့တဲ့ ပွဲပေါင်းများစွာ ပိုင်ဆိုင်ခဲ့တာကို တွေ့ရပါတယ် ။ ဒီရာသီ ပရီးမီးယားလိဂ် Clean Sheet အများဆုံး ဂိုးသမား ၁၀ဦး အနက် ပေးဂိုး အနည်းဆုံး ဖြစ်ထားတဲ့ ကီပါဟာ ဒဏ်ရာ ပြဿနာ ထွေထွေထူးထူး မရှိခဲ့ဘူးဆိုရင် ရာသီကုန်အထိ ချဲလ်ဆီးရဲ့ ဂိုးပေါက်ကို တာဝန်ယူသွားမှာ သေချာပါတယ် ။

သို့ပေမယ့် International Break မတိုင်ခင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကီပါရဲ့ လက်စွမ်း အပေါ် အင်္ဂလိပ် မီဒီယာတွေနဲ့ ဘောလုံးပွဲ သုံးသပ်သူ အချို့က အကြီးအကျယ် မေးခွန်းထုတ်ခဲ့တာတွေ ရှိပါတယ် ။

အထူးသဖြင့် အဲဗာတန်ရဲ့ ဒုတိယ ချေပဂိုးမှာ ကီပါ လက်နဲ့ တားခဲ့ပေမယ့် ၊ ပုတ်ထုတ်မှုအား ပြတ်သားခဲ့ခြင်း မရှိတာကြောင့် ၎င်းရဲ့ လက်နဲ့ ထိကာ ဂိုးထဲဝင်သွားခဲ့ပါတယ် ။ ဒါဟာ တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ အဲဗာတန် အတွက် လက်ဆောင်သဖွယ် ချေပဂိုးမျိုး ဖြစ်ပြီး ၊ ချဲလ်ဆီး အတွက်တော့ ၄ပွဲဆက် အနိုင်ရခွင့်ကနေ ရပ်တန့်သွားစေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ် ဂိုးသမားဟောင်း ဘင်ဖော်စတာကတော့ အသက် ၂၈နှစ် အရွယ်ရှိ ယင်းစပိန်သားဟာ ချဲလ်ဆီးရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီမှု မရှိတော့ကြောင်း ဝေဖန်ရင်း ၊ ၎င်းကို အစားထိုးဖို့ လာမယ့် နွေရာသီမှာ ခြင်္သေ့ပြာတို့ ဂိုးသမားသစ် ရှာပုံတော် ဖွင့်သင့်ကြောင်း တိုက်တွန်းသွားပါတယ် ။

ဖော်စတာ က ” အဲဗာတန်ရဲ့ နောက်ကျ ချေပဂိုး အကြောင်း ပြောကြရအောင်ပါ ။ ဘာလို့လဲဆိုတော့ ကီပါဟာ ဒီဂိုးကို ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ကျွန်တော် ထင်မိလို့ပါ ။ ထိပ်တန်း ဂိုးသမား တယောက်သာဆိုရင် ဒီကန်ချက်ကို ကာကွယ်နိုင်ခဲ့မှာပါ ။ ဒါဟာ ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ပါတယ် ။ ”

” နာကျင်အချိန်ပိုထဲ ဝင်တော့မယ့် အတွက် သူသာ ဒီဂိုးကို ကာကွယ်နိုင်ခဲ့ရင် ၊ ၂ – ၁ ရလဒ်နဲ့ အနိုင်ရမှာ ဖြစ်ပြီး အသင်းသားတိုင်း ပျော်ရွှင်ကြမှာပါ ။ ဒါဟာ margin ကျတဲ့ အနေအထား ဖြစ်ပေမယ့် ၊ ထိပ်တန်း ဂိုးသမား တယောက်သာဆိုရင် ဒါကို သေချာပေါက် ကာကွယ်နိုင်ပါတယ် ။ ”

” ဒီဂိုးက နည်းနည်း ကြောင်တောင်တောင်နိုင်တဲ့ အတွက် ကျွန်တော် ကီပါ အတွက် အနည်းငယ် စာနာမိပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ ဒီလို ကြီးကျယ်တဲ့ ကာကွယ်မှုမျိုး လုပ်ဖို့ လိုပါတယ် ။ သူ ဒီဂိုးကို ကာကွယ်ဖို့ နည်းနည်းလေး လိုသွားခဲ့တာပါ ။ ကီပါ ချဲလ်ဆီး အတွက် သင့်လျော် မှန်ကန်တဲ့ ဂိုးသမားလို့ ကျွန်တော် မထင်ပါဘူး ။ ”

” သူဟာ ရေရှည် အတွက် အားကိုးရမယ့် ဂိုးသမား ဖြစ်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ မန်ဒီသာ ကြံ့ခိုင်မှု ပြန်ပြည့်ပြီး အသင်းမှာ ပြန်ပါနိုင်တာမှ မဟုတ်ရင် သူတို့ အနေနဲ့ လာမယ့် ဈေးကွက် အတွင်း ဂိုးသမားသစ် တယောက်ယောက် ထပ်ဖြည့်တင်းဖို့ လိုပါလိမ့်မယ် ။ သူတို့ဟာ ကီပါမှာ ပေါင်သန်း ၇၀ ၊ မန်ဒီမှာ ပေါင်သန်း ၂၀ သုံးထားပြီး ဂိုးသမား ၂ဦးနဲ့တင် ပေါင်သန်း ၁၀၀ နီးနီး ကုန်ထားပြီးပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။