ယခုနှစ် ရာသီ သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီး စိတ်ပျက်ဖွယ် ရုန်းကန်နေရတဲ့ အပေါ် မှတ်ချက် ပေးသွားတဲ့ ပီတာချက်

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ပြီးမြောက်စေဖို့ ကစားရမယ့် လက်ကျန်ပွဲ ၅ပွဲ ကျော်ဖြတ်ရဦးမှာ ဖြစ်ပြီး ၊ လက်ရှိမှာ ရမှတ် ၃၉မှတ်နဲ့ အဆင့် ၁၂နေရာကို ရောက်ရှိနေကာ ၊ သင်္ချာနည်းအရ တန်းဆင်းဇုန် အန္တရာယ်နဲ့ လွတ်ကင်းသေးခြင်း မရှိပါဘူး ။

လက်ကျန် ၅ပွဲမှာ ချဲလ်ဆီးဟာ Top 4 နေရာက မန်စီးတီး ၊ နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ ဘုန်းမောက် ၊ နော်တင်ဟမ်ဖောရက်စ် အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ကျန်သေးတာကြောင့် ၃မှတ်တောင် ရဖို့ သေချာပေါက် တွက်မရသေးတဲ့ အနေအထားကို ရောက်နေပါတယ် ။

မနေ့က ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ချီးမြှင့်တဲ့ Hall of Fame ဆုပေးပွဲမှာ ဆုတက်ယူခဲ့တဲ့ ချဲလ်ဆီး ဂန္တဝင် ဂိုးသမားဟောင်း ပီတာချက်က ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ တခါမှ မကြုံဖူးခဲ့တဲ့ အခြေအနေမျိုး သူ့အသင်းဟောင်း ရောက်နေတဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ပီတာချက် က ” အသင်းကို ဒီလို အဆင့် ၊ ဒီလို နေရာမျိုးမှာ မြင်ရတာ အမှန်တကယ် ဝမ်းနည်းဖို့ကောင်းပါတယ် ။ ဒါပေမယ့် လက်ရှိ အသင်းမှာ အတွေ့အကြုံ ရှိတဲ့ ကစားသမား များစွာ ရှိနေပြီး ၊ သူတို့ဟာလည်း ကိုယ်ပိုင် ကစားသမား ဘဝတွေမှာ ဒီလို ခက်ခဲတဲ့ အခိုက်အတန့်မျိုးတွေ ကြုံတွေ့ခံစားကြဖူးမှာပါ ။ ”

” ဒီတော့ လာမယ့် ပွဲတွေ့မှာ ဖရန့်ဟာ ဒီကစားသမားတွေကို တစုတစည်းတည်း ဖြစ်အောင် စည်းရုံးပြီး ၊ ဖြေရှင်းချက် တခုခု ရှာတွေ့နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ တခါတလေမှာ ခင်ဗျားဟာ အခြေအနေ အားလုံး ပြောင်းလဲပစ်နိုင်ဖို့ နိုင်ပွဲ တပွဲလောက်လေး ၊ အပေါင်းလက္ခဏာ ဆောင်တဲ့ ရလဒ် တခုလေးပဲ လိုပါတယ် ။ ဒါကို သူတို့ လုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်ကလည်း ယုံကြည်မှု ကျဆင်းနေတဲ့ ချဲလ်ဆီး စတားတွေကို သူ့ဖက်က အတတ်နိုင်ဆုံး စိတ်ဓာတ်လှုံ့ဆော်ပေးပေမယ့် ၊ အသင်းရဲ့ လက်ကျန်ရာသီ ပစ်မှတ်ပန်းတိုင်က ဗလာနတ္ထိ ဖြစ်နေတာကြောင့် အဖက်ဖက်က ရုန်းမထနိုင်သေးကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် သူတို့ကို စိတ်ဓာတ်လှုံ့ဆော်ပေးပါတယ် ၊ ကိုယ့်အလုပ် ကိုယ်လုပ်ပါတယ် ။ ယာယီနည်းပြ တဦး အနေနဲ့ ဒီလောက်တော့ ကျွန်တော်လည်း နားလည်ပါတယ် ။ အထူးသဖြင့် ကိုယ့်မှာ ပန်းတိုင်ခရီး တခုခု ပြတ်ပြတ်သားသား မရှိတဲ့အခါ အခြေအနေက ခက်ခဲတတ်ပါတယ် ။ ”

” ဒီက ကျွန်တော့ရဲ့ ရေတိုကာလ အတွင်း ဒီမှာ နေရတာ အချိန် ပိုကြာလာတာနဲ့အမျှ ကိုယ်တိုင် လက်တွေ့ကျကျ အခြေအနေတွေကို ပိုပြီး သုံးသပ်ကိုင်တွယ်လာပါတယ် ။ အသင်းသားတွေဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ စိတ်ဆန္ဒရှိသေးကြောင်း ပြသနေဆဲပါ ။ ”

” အမြဲတမ်းတော့ ပေါက်ကွဲနေတဲ့ စိတ်ပြင်းပြမှုမျိုး မဟုတ်ပေမယ့် ၊ တိုးတိုးတိတ်တိတ်နဲ့ စိတ်ဆန္ဒ ရှိသေးကြောင်း ပြတာမျိုး ဖြစ်ပါတယ် ။ သူတို့ဟာ လက်ကျန် ရာသီ ပွဲ၅ပွဲကို တိုးတက်မှုရှိရှိနဲ့ ကြိုးစား ကျော်ဖြတ်ဖို့ လုပ်ဆောင်ရမယ့် ကစားသမားတွေ ဖြစ်ပါတယ် ။ “I

” ကလပ်က ရှေ့ဆက်ရွေ့လျားနေတာကြောင့် အခု အခြေအနေက အချိန်တိုင်း ပြောစရာကို ဖြစ်နေတာပါ ။ ဒါဟာ ထိပ်တန်းကလပ်တွေမှာ ရှိတဲ့ အရာ ဖြစ်ပါတယ် ။ တခါတလေ ဒီလို ဘောလုံးရာသီမျိုးမှာ ကျွန်တော်တို့ဟာ အသင်းကြီး စိတ်ဓာတ်မျိုး ခံစားချက်မျိုး ပျောက်ဆုံးနေကြပါတယ် ။ ”

” ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းတွေက အများကြီး ရှိနေနိုင်ပါတယ် ။ ကျွန်တော့ နေရာကနေတော့ ဒီအကြောင်းအရင်းတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ ရက်သတ္တပတ် ၄ပတ်နဲ့ ပွဲ၅ပွဲစာပဲ အချိန်ကျန်ပါတော့တယ် ။ ”

” ကျွန်တော် ဂရုစိုက်တာက ဒီနေ့ပွဲက ပထမပိုင်းတဲ့ ပိုကောင်းတဲ့ ကစားဟန်မျိုး လာမယ့်ပွဲတွေမှာ မြင်ချင်တာပါ ။ ဒုတိယပိုင်း ကစားပုံက ကောင်းခဲ့ပေမယ့် ဒါဟာ ကျွန်တော်တို့ လုပ်နိုင်စွမ်းအောက် ရောက်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR