အာဆင်နယ်နဲ့ ပွဲမှာ ကြိုးစားအားထုတ်မှု ပြခဲ့တဲ့ ချဲလ်ဆီး စတား တဦးကို လာမယ့်ပွဲတွေမှာ အခွင့်အရေး ထပ်ပေးသွားဦးမယ်လို့ ကတိပြုလိုက်တဲ့ လမ်းပတ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲမှာ ချန်ပီယံဆု အတွက် ယှဉ်ပြိုင် ဆင်နွှဲနေဆဲ အာဆင်နယ် အသင်းကို ၃ – ၁ ရလဒ်နဲ့ လွယ်လွယ်ကူကူ လက်မြှောက် အရှုံးပေးခဲ့ပါတယ် ။

အနည်းဆုံးတော့ ဒါဟာ ခါးသီးတဲ့ လန်ဒန်မြို့ခံပြိုင်ဖက်ကို ရင်ဆိုင်ရတာ ဖြစ်လို့ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး ကြိုးစား ပေးဆပ် ယှဉ်ပြိုင်ဖို့ လိုခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကို ချဲလ်ဆီး ပရိသတ်တွေ သေချာပေါက် စိတ်ပျက်ခဲ့ကြပါတယ် ။

ပွဲထွက်စာရင်းကနေ ခေါင်းမော့ရင်ကော့ပြီး ထွက်လာနိုင်တဲ့ ချဲလ်ဆီး ကစားသမားဆိုလို့ အသင်း ပထမဆုံးဂိုး သွင်းပေးနိုင်ခဲ့တဲ့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီ တဦးတည်းသာ ရှိပါလိမ့်မယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်က နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းရဲ့ စိတ်ပျက်ဖွယ်ခြေစွမ်း အပေါ် တစုံတရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပေမယ့် ၊ မက်ဒူးကီကိုတော့ လာမယ့်ပွဲတွေမှာ အခွင့်အရေး ထပ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော်ဟာ ဒီနေ့ပွဲက တဦးချင်း ခြေစွမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှာ မဟုတ်ပါဘူး ။ အသင်းအဖွဲ့လိုက် ခြေစွမ်းအကြောင်းပဲ ကျွန်တော်တို့ ပြောကြရအောင်ပါ ။ ဒါက စွမ်းဆောင်ရည် ဖြစ်ပါတယ် ။ တဦးချင်း ခြေစွမ်း အကြောင်း ပြောဖို့ သင့်တဲ့ ကစားသမား တယောက်ပဲ ရှိခဲ့ပါတယ် ။ ဒါကတော့ နွန်နီပါပဲ ။ ”

” သူဟာ ဒီနေ့မှာ ဂိုးသွင်းနိုင်ခဲ့သလို ၊ လေ့ကျင့်ရေး အစီအစဉ်တွေက အတိုင်း ကစားနိုင်ခဲ့ပါတယ် ။ ဒီထက် ကစားခွင့်တွေ သူ ထပ်ရလာဦးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ်က ၄င်းတို့ဟာ ပြိုင်ဖက်တွေ အတွက် ရင်ဆိုင်ရ လွယ်လွန်းနေတယ်လို့ ဝန်ခံခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော်တို့ရဲ့ ခြေစွမ်း လုံလုံလောက်လောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး ။ ကျွန်တော်တို့ဟာ ပြိုင်ဖက်တွေ အတွက် လွယ်ကူလွန်းနေပါတယ် ။ ကစားပုံကလည်း နောက်ပြန်ဆန်လွန်းပါတယ် ။ ဘောလုံးပိုင်ဆိုင်မှု ရှိနေချိန် ကျွန်တော်တို့ဟာ ပြိုင်ဖက် ခံစစ်ဆီ ထိုးဖောက် မပေးနိုင်ခဲ့ပါဘူး ။ ”

” ဘောလုံး ခြေထဲ မရှိတဲ့ အချိန်မှာလည်း ကျွန်တော်တို့ဟာ ပြိုင်ဖက်ဆီကနေ ဘောလုံး မလုနိုင်ခဲ့ပါဘူး ။ ဒီအရာတွေကို ကျွန်တော်တို့ နေ့ချင်းညချင်း မပြောင်းလဲနိုင်ပေမယ့် ၊ အခုထက် ပိုကောင်းအောင် ကစားနိုင်ဖို့ လျင်လျင်မြန်မြန် ပြောင်းလဲရပါမယ် ။ ဘာလို့လဲဆိုတော့ လာမယ့် စနေနေ့မှာ ကစားရမယ့်ပွဲ တပွဲ ရှိနေလို့ပါ ။ ”

” နောက်ပြန်ဆန်တဲ့ သဘောသဘာဝက ခင်ဗျားမှာ လုပ်နိုင်မယ့် အရည်အသွေး များစွာ ရှိပေမယ့် ၊ လွယ်လွန်းလို့ မလုပ်ချင်တာ ၊ ကစားသမားတွေက လုံလုံလောက်လောက် ဂရုစိုက်ပုံ မပေါ်တာမျိုး ဖြစ်ပါတယ် ။ ဒါပေမယ့် သူတို့ဟာ အသင်း အပေါ် ဂရုစိုက်ကြပါတယ် ။ ”

” ခင်ဗျားဟာ ယုံကြည်မှု ကျဆင်းနေပေမယ့် ၊ တိုက်စစ် အပြောင်းအလဲ ကစားနိုင်ကြောင်း ပြသနေနိုင်ဆဲပါပဲ ။ အရာအားလုံး ကျွန်တော်တို့ ပွဲမစခင်က ပြောနေကြပေမယ့် ၊ တကယ်တမ်း ပွဲထဲရောက်တဲ့အခါ မလုပ်ပြနိုင်ခဲ့ကြပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR