အဝါကတ် ပြသချိန်မှာ တီယာနေး သူ့ကို ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟသွားခဲ့တဲ့ ယာဂန်ကလော့

 

ယာဂန်ကလော့က ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲစဉ်မှာ ဒိုင်လူကြီး ပေါလ်တီယာနေးက စတုတ္ထဒိုင် ဂျွန်ဘရွတ်ရဲ့ နားချမှုကြောင့်သာ အဝါကတ် ပြသခဲ့တာ ဖြစ်ပြီး မဟုတ်ဘူးဆိုရင် ၎င်းကို အနီကတ် ပြသွားမှာ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။ လီဗာပူး မန်နေဂျာဟာ ဂျိုတာရဲ့ ၉၅ မိနစ် အနိုင်ဂိုးပြီးနောက် စတုတ္ထဒိုင် ဘရွတ်ရဲ့ ရှေ့မှာ ဒေါသတကြီး အောင်ပွဲသွားခံခဲ့တာ ဖြစ်ပြီး ဒီအတွက် အဝါကတ် ပြသခံခဲ့ရကာ ပွဲအပြီးမှာ လီဗာပူး မန်နေဂျာက တီယာနေး ပြောခဲ့တာတွေဟာ သူ့အတွက် မအိုကေဘူးလို့ ဆိုခဲ့ပါတယ်။

PGMOL ဟာ အဆိုပါ audio တွေကို ပြန်လည် စစ်ဆေးခဲ့ပြီး တီယာနေးဟာ တစ်လျှောက် ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကလော့က အဆိုပါ ပွဲစဉ်မှာ သူ့ကို ငြိုငြင်စေခဲ့တဲ့ ပြောဆိုမှုကို ရှင်းပြလိုက်ကာ သူ့ရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး နောင်တရမိကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

ကလော့က “ဒီအခြေအနေ တစ်ခုလုံးဟာ လုံး၀ကို မဖြစ်ခဲ့သင့်ပါဘူး။ ကျနော်ဟာ အဲဒီအချိန်မှ စိတ်လွတ်သွားခဲ့ကာ ဒေါသထွက်နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျနော် ဒီလို ပုံစံမျိုးနဲ့ အောင်ပွဲခံမိခဲ့တာပါ။ အဲဒီမတိုင်မီ foul ဘော လုံး၀ မပေးသင့်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ဒါဟာ ကျနော့်ရဲ့ မျက်စိရှေ့မှာ ဖြစ်ခဲ့တာပါ။ အဲဒီနောက် သူတို့ ဂိုးရခဲ့ပါတယ်။ နောက်တစ်မိနစ် အကြာမှာ ကျနော်တို့ ဂိုးသွင်းခဲ့ပါတယ်။ ဒါဟာ ပျော်ရွှင်စရာ အခိုက်အတန့် ဖြစ်ခဲ့သင့်ပေမယ့် ကျနော့်ရဲ့ စိတ်ထဲမှာ ဒေါသက ကျန်နေခဲ့ပါသေးတယ်။

ကျနော်ဟာ သူ့ကို ဆိုးရွားတဲ့ တစ်စုံတစ်ရာ မပြောခဲ့ပါဘူး။ ‘မင်းရှိစရာ မလိုဘူး’ ဆိုပြီးပဲ အော်ခဲ့တာပါ။ ဒါပါပဲ။ သူ့ရှေ့ကနေ ဒီလို လုပ်တာကတော့ မမှန်ပါဘူး။ ဒါပေမယ့် ကျနော် သူ့နား မကပ်ခဲ့ပါဘူး။ ပေါလ်တီယာနေး လာခဲ့တဲ့ အချိန်မှာ ကျနော် တစက္ကန့်တောင် အနီကတ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါကို အဝါကတ်လို့ပဲ ကျနော် မျှော်လင့်ထားခဲ့ပါတယ်။ သူက ‘ငါ့အတွက် ကတော့ ဒါဟာ အနီကတ်ပဲ။ ဘရွတ်ကြောင့်သာ ဒါဟာ အဝါကတ် ဖြစ်ခဲ့တာ’ ဆိုပြီး ကျနော့်ကို ပြောခဲ့ပါတယ်။ သူဟာ အဝါကတ်ပြပြီး ကျနော့်ကို ကြည့်ကာ ပြုံးနေခဲ့ပါတယ်။ ကျနော် အဲဒီမှာ ရပ်နေပြီး ‘ဒါဟာ အနီကတ်လား? ဘာလုပ်လို့လဲ?’ ဆိုပြီး တွေးနေခဲ့ပါတယ်။

ကျနော် တည်ငြိမ်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ် မဖြစ်ခဲ့ပါဘူး။ ကျနော် အင်တာဗျူးတွေဟာ သိတဲ့အတိုင်းပဲ ပြောခဲ့ပါတယ်။ သူ ကျနော့်ကို ပြောဆိုတာတွေက မအိုကေဘူးဆိုပြီး ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ ကျနော့်ရဲ့ အမြင်မှာ အနီကတ် မဟုတ်တာကြောင့်ပါ။ ကျနော် ဒီအကြောင်းကို အခု ဖွင့်ဟလိုက်ပါပြီ။ အဲဒီအချိန်က ‘သူက ဒါကို အနီကတ်လို့ ပြောခဲ့တယ်။ ကျနော် ကတော့ ဒီလို မထင်မိဘူး။’ ဆိုပြီး ကျနော် ဒီလိုမျိုး ပြောခဲ့သင့်ပါတယ်။ ကျန်တာကတော့ တီယာနေး ကျနော်တို့ ပွဲတွေ ကိုင်တွယ်တဲ့အခါ ကျနော့်ရဲ့ တစ်စုံတစ်ရာ ခံစားမှုပဲ ဖြစ်ပါတယ်။” လို့ ရှင်းပြလိုက်ပါတယ်။

SM