မန်ယူနိုက်တက် ကစားသမားဟာ နယူးကာဆယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ဒန်နီမာဖီ

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ဒန်နီမာဖီက မန်ယူနိုက်တက် ကွင်းလယ်လူ စကော့မက်တိုမီနေးဟာ နယူးကာဆယ် အသင်း အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ နယူးကာဆယ်ဟာ စကော့တလန် လက်ရွေးစင်ကို စောင့်ကြည့်လျက် ရှိနေပြီး နည်းပြ အက်ဒီဟောင်းဟာ မန်ယူနိုက်တက် ကွင်းလယ်လူကို တအား နှစ်သက်မှု ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

မက်တိုမီနေးဟာ ကတ်စမီရို ရောက်လာခဲ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် အတွက် ၇ ပွဲသာ ပွဲထွက်ခွင့် ရရှိထားခဲ့ပါတယ်။ မာဖီ ကတော့ ပုံမှန်ပွဲကစားခွင့် ရချင်ပြီး ကစားသမား ဘ၀ကို ပြန်လည် ထွန်းတောက်အောင် လုပ်သွားချင်နေတဲ့ မက်တိုမီနေး အတွက် စိန့်ဂျိမ်းပက်ကို ပြောင်းရွေ့တာဟာ တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

မာဖီက “ကျနော် စကော့မက်တိုမီနေးကို တအား နှစ်သက်ပါတယ်။ သူဟာ အများအားဖြင့် မျှတမှု မရှိတဲ့ ဝေဖန်မှုတွေ ခံခဲ့ရတယ်လို့ ကျနော် ထင်ပါတယ်။ အက်ဒီဟောင်းရဲ့ နည်းဗျူဟာ ၊ နယူးကာဆယ်ရဲ့ ကစားပုံနဲ့ သူဟာ တကယ့်ကို ပြီးပြည့်စုံစွာ အံ၀င်မယ့်သူပါ။ သူဟာ ကစားအား အင်မတန် ကောင်းပြီး box-to-box ကွင်းလယ်လူပါ။ တအားကို လုပ်အားပြင်းထန်ပြီး အန္တရာယ်ကို မြင်တက်သလို ဘောလုံးကစားပုံလည်း ကောင်းမွန်မှု ရှိပါတယ်။”

ဆက်လက်ပြီး မာဖီက လာမည့် ရာသီ ဥရောပမှာ ၀င်ရောက် ယှဉ်ပြိုင်သွားရဖို့ ရှိနေတဲ့ နယူးကာဆယ် အနေနဲ့ ကွင်းလယ်မှာ ဒီထက် တောင့်တင်းတဲ့ လူအင်အားကို လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

မာဖီက “သူတို့မှာ လောင်းစတပ် ရှိနေသားပဲ ဆိုပြီး ခင်ဗျားတို့ ငြင်းကောင်း ငြင်းကြမှာပါ။ သူဟာ ဒီရာသီ နယူးကာဆယ် ကွင်းလယ်မှာ ကောင်းကောင်း ကစားနေပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ လာမည့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြေ ရှိနေတဲ့ ကလပ် အကြောင်းကို ပြောနေကြတာပါ။ ဒီပြိုင်ပွဲမှာ ကစားရပြီ ဆိုရင် သူတို့ အနေနဲ့ ကြားရက်မှာကော weekend မှာပါ high-quality ပွဲကို ကစားသွားရမှာပါ။ ပြီးတော့ နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှုတွေလည်း လိုအပ်ပါတယ်။

နယူးကာဆယ်ဟာ ကွင်းလယ်ပိုင်းမှာ နောက်ထပ် ကစားသမားတွေ လိုအပ်နေပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာ ရသွားခဲ့တဲ့ အခါ အသင်းဟာ အနည်းငယ် ယိုင်သွားတာကို မကြာသေးမီက သူတို့ ပြသခဲ့ပါတယ်။ ကျနော် ကတော့ မက်တိုမီနေးဟာ နယူးကာဆယ် အတွက် စူပါ ကစားသမား ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယူးကာဆယ်ဟာ မတ်လ internation break မတိုင်မီ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေကာ အဆင့် ၄ နေရာက ၂ ပွဲပို ကစားထားခဲ့တဲ့ စပါးနဲ့ ၂ မှတ် အကွာမှာ ရှိနေပြီး လာမည့် ရာသီ ချန်ပီယံလိဂ်၀င်ခွင့် အတွက် အခြေအနေ ကောင်းနေပါတယ်။

SM