ပရီးမီးယားလိဂ် စတား တိုက်စစ်မှူး တဦးကို ခေါ်ယူသွားဖို့ တော့ဒ်ဘိုလီထံ တိုက်တွန်းသွားတဲ့ ဂျေဆင် ကန်ဒီ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စျေးကွက် ၂ခု အတွင်း ပေါင်သန်း ၆၀၀ကျော် သုံးစွဲကာ ၊ ကစားသမားသစ် အမြောက်အမြား ခေါ်ယူခဲ့ပေမယ့် ၊ ကြီးကြီးမားမား အင်အား မဖြည့်တင်းထားတဲ့ နေရာ တနေရာက အထောင်တိုက်စစ်မှူး နေရာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ Deadline Day မှာ ဘာစီလိုနာကနေ ဂါဘွန်ဝါရင့်တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းကို ယူရို ၁၃သန်း ၊ ၂နှစ် စာချုပ်နဲ့ ယာယီ တိုက်စစ်ဖြေရှင်းချက် အဖြစ်နဲ့ ခေါ်ယူခဲ့ပေမယ့် ၊ နည်းပြ အပြောင်းအလဲ ကြားမှာ မြေစာပင် ဖြစ်သွားခဲ့့ကာ ၊ အခုအခါမှာ အပယ်ခံ ကစားသမား တယောက် အဖြစ်နဲ့သာ ရပ်တည်နေပါတယ် ။

ဇန်နဝါရီ စျေးကွက် အစမှာတော့ နော်ဝေးကလပ် မိုလ်ဒီ အသင်းကနေ အိုင်ဗရီကို့စ် လူငယ် တိုက်စစ်မှူး ဒေးဗစ်ဒတ်ထရို ဖိုဖာနာကို ယူရို ၁၀သန်းဝန်းကျင် ၊ နှစ်ရှည် စာချုပ်နဲ့ ခေါ်ယူခဲ့ပေမယ့် ၊ ၄င်းဟာ စီနီယာ အဆင့်မှာ ကစားဖို့ အသင့်မဖြစ်သေးတာကို ၄င်းရဲ့ ကစားခွင့် အချို့က ခြေစွမ်းကို ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်ကနေ ယူရိုသန်း ၁၀၀ ပေးပြီး ခေါ်ထားတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အဆင်မပြေခဲ့သလို ၊ ခြေစွမ်းပါ ထိုးကျခဲ့တာကြောင့် အသင်းဟောင်းသို့ တရာသီ အငှား ထွက်ကစားနေပါတယ် ။

ဒါ့အပြင် အနာဂတ်မှာ အားထားရမယ်လို့ ယူဆရတဲ့ အကယ်ဒမီထွက် အယ်ဘ်ဘေးနီးယား ကြယ်ပွင့် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာဟာလည်း ဒဏ်ရာကြောင့် ရာသီကုန်တဲ့အထိ နားနေရပါတယ် ။ လက်ရှိမှာ ချဲလ်ဆီး တိုက်စစ်က ထင်သလောက် ဂိုးတွေ မရနေခြင်းဟာ အထောင်တိုက်စစ်မှူး မပါပဲ ပွဲအများစုကို ဖြတ်သန်းနေရတာကြောင့်လို့ အပေါ်ယံ ကောက်ချက်ချနိုင်ပါတယ် ။

လက်ရှိ မော်ဒန်ခေတ် ဘောလုံးလောကမှာ ဒိတ်ဒိတ်ကြဲ အထောင်တိုက်စစ်မှူးတွေ အလွန်အမင်း ရှားပါးနေပြီး ၊ ခေါ်ယူလို့ ရနိုင်တဲ့ တိုက်စစ်မှူးကောင်း အနည်းငယ် အနက် ၊ ဘရန်းဖို့ဒ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ အိုင်ဗန်တိုနီလည်း ထိုအထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၇နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ တိုနီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၅ပွဲကစား ၊ ၁၆ဂိုးသွင်း ၊ ၄ဂိုး ဖန်တီးထားကာ ၊ လက်ရှိ international break ကာလ အတွင်း ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ပူးပေါင်းနေပါတယ် ။

ချဲလ်ဆီး ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဂျေဆင် ကန်ဒီကတော့ ကလပ် တရားဝင် YouTube ချန်နယ်နဲ့ တွေ့ဆုံရာမှာ လာမယ့် နွေရာသီ စျေးကွက်မှာ ယင်းအင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူသွားဖို့ ပိုင်ရှင်သစ် တော့ဒ်ဘိုလီထံ တိုက်တွန်းသွားပါတယ် ။

ကန်ဒီ က ” ကျွန်တော်တို့ တိုက်စစ်မှူး အသစ် လိုသလား ? ဟုတ်ကဲ့ ၊ ကျွန်တော်တို့ လိုပါတယ် ။ အိုင်ဗန်တိုနီဟာ လောလောဆယ်မှာ ဘောလုံးပြင်ပ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ စွဲချက်တင်ခံထားရပါတယ် ။ ဒီတော့ ဒီကိစ္စတွေ အားလုံး ပြီးစီးသွားမယ့် အချိန်ကို တချက် စောင့်ကြည့်ကြရမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော့ အတွက်တော့ သူဟာ ချဲလ်ဆီး ကစားပေါက်နဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပါတယ် ။ သူ ကစားတဲ့ ပုံစံ ၊ သူ ပွဲကို ချဉ်းကပ်တဲ့ ပုံစံ ၊ သူ့ရဲ့ အမြင်တွေက ချဲလ်ဆီး ကစားသမား တဦး ပုံစံနဲ့ တူပါတယ် ။ ”

” ကျွန်တော်တို့ အခြေခံ အုတ်မြစ် တခု လိုပါတယ် ။ ကျွန်တော်တို့ဟာ ရှေ့မှာ ပြင်းပြင်းထန်ထန် ၊ ထက်ထက်မြက်မြက် ၊ တွန်းတွန်းတိုက်တိုက် ကစားပေးမယ့် တိုက်စစ်မှူး တဦး လိုအပ်ပါတယ် ။ တိုနီဟာ ဒီလို အရည်အချင်း အားလုံး ပိုင်ဆိုင်ထားပါတယ် ။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်းသိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR