ပရီးမီးယားလိဂ် သရဖူ အတွက် အာဆင်နယ်ထံသို့ မက်ဆေ့ခ်ျ ပေးသွားတဲ့ ဟာလန်း

မန်စီးတီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘာရမှတ်မှ ထွေထွေထူးထူး မလိုတော့တဲ့ ဝုလ်ဗ် အသင်းကို အီတီဟတ်မှာ ခြေအသာ ဂိုးအသာနဲ့ အတူ ၅ – ၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရကာ ၊ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ် အသင်းကို တပွဲလျော့ တမှတ် အကွာကနေ ဆက်လက် ဖိအားပေးလျက် ရှိပါတယ် ။

ဒီပွဲမှာ စီးတီးရဲ့ ဂိုးသွင်းစက် ဖြစ်တဲ့ နော်ဝေး လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပထမပိုင်း ဟက်ထရစ် ရခဲ့တဲ့ အပြင် ၊ တပွဲတည်း ၄ဂိုး သွင်းကာ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ စီးတီး အတွက် အပိတ်ဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗားရက်ဇ်က ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပါတယ် ။

သို့ပေမယ့် ဟာလန်းကတော့ ဒီပွဲမှာ စီးတီး အတွက် အဓိက အဆုံးအဖြတ် ပေးခဲ့တဲ့ ကစားသမား ဖြစ်ပြီး ၊ ဒါဟာ ပရီးမီးယားလိဂ်မှာ ၄င်းအတွက် ပထမဆုံး အကြိမ် တပွဲတည်း ၄ဂိုး သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာ မန်စီးတီးဟာ လက်ကျန် ပရီးမီးယားလိဂ် ၃ပွဲလုံးကို အနိုင်ကစားနိုင်ရုံနဲ့ ချန်ပီယံ ဖြစ်မယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပိုင်ဆိုင်ထားပါတယ် ။ သို့ပေမယ့် ထို၃ပွဲမှာ တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲကြပ်တပွဲ ပါဝင်တာကြောင့် ကျန်၂ပွဲထက် ထိုပွဲကသာ စီးတီးရဲ့ ၄နှစ်ဆက် သရဖူ ဆွတ်ခူးနိုင်ခြေကို အဆုံးအဖြတ် ပေးသွားဖွယ် ရှိပါတယ် ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာလန်းက လက်ကျန် ၃ပွဲလုံးကို အနိုင်ကစားဖို့ ၄င်းတို့ ရောက်လာတော့မယ်လို့ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ထံ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

ဟာလန်း က ” ကျွန်တော့မှာ ကျွန်တော် အပါအဝင် ကစားသမားတွေကို တွန်းအားပေးတတ်တဲ့ ၊ သိပ်မဆိုးလှတဲ့ နည်းပြ တဦး ရထားပါတယ် ။ သူတို့ ( မန်စီးတီး အသင်းဖော်တွေ ) ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဘယ်လိုမှ စွမ်းဆောင်ပြနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးသားပါ ။ ”

” နေ့စဉ်နေ့တိုင်း ကျွန်တော်ဟာ တိုးတက်နိုင်ဖို့ ကြိုးစားနေပါတယ် ။ ကျွန်တော် ဟိုပြဿနာ ဒီပြဿနာ မျိုးစုံ ကြုံခဲ့ရပါတယ် ။ ဒါပေမယ့် အဲဒါတွေ အပေါ်မှာ အာရုံမစိုက်ပါနဲ့ ။ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေ အပေါ်ပဲ အာရုံစိုက်ပြီး ၊ ရှေ့ကြုံရမယ့် အရာ အတွက် ရှေးရှုကြရအောင်ပါ ။ ”

” ကျွန်တော်တို့မှာ ဒီရာသီ ကစားဖို့ ဖိုင်နယ် ၄ပွဲ ကျန်ပါသေးတယ် ။ ဒီအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ် ။ နောက်ပြီး ဒီအကြောင်း သိပ်ပြီး ကြိုးစား တွေးမနေဖို့ လိုပါတယ် ။ ဖူလ်ဟမ်နဲ့ ပွဲအပေါ်ပဲ အာရုံစိုက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ဟာလန်းဟာ ဝုလ်ဗ်နဲ့ ပွဲက သွင်းဂိုး ၄ဂိုးကြောင့် ရွှေဖိနပ်ဆု အတွက် ဒုတိယနေရာမှ ချဲလ်ဆီး စတား ကိုးလ်ပါလ်မာကို ၅ဂိုးအထိ ဖြတ်ထားနိုင်လိုက်ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR