ချန်ပီယံ ဖြစ်လာတဲ့ PSG ၊ အကျိတ်အနယ်ရှိဆဲ ဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံအားပြိုင်မှုတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

 

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ မိုနာကို အသင်း ရှုံးပွဲ ကြုံတွေ့သွားခဲ့ရတာကြောင့် PSG တို့ အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ရပါတယ် ။

ဘရတ်စ် အသင်းကတော့ ရင်းနစ် အသင်းကို အဝေးကွင်းမှာ ၅-၄ နဲ့ အနိုင် ကစားနိုင်ခဲ့တာကြောင့် အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပ ပြိုင်ပွဲဝင်ခွင့်ကို ရယူသွားနိုင်ခဲ့ ပါတယ် ။

 

ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်ရော မန်စီးတီးပါ နိုင်ပွဲဆက် ခဲ့ပြီး အာဆင်နယ် က စပါး ကို အဝေးကွင်းမှာ ၃-၂ ၊ မန်စီးတီး က နော်တင်ဟမ် ဖောရက်စ် ကို အဝေးကွင်းမှာ ၂-၀ နဲ့ အသီးသီး အနိုင် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

အီတလီ စီးရီးအေမှာတော့ ရိုးမား က နာပိုလီ နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး အတ္တလန်တာ တို့ နိုင်ပွဲ ရရှိခဲ့တာကြောင့် အဆင့် ၅ နေရာအတွက် အားပြိုင်မှု ပိုမို ပြင်းထန်လာခဲ့ပါတယ် ။

 

အမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတော့ လီယွန် အသင်းဟာ PSG အမျိုးသမီး အသင်းကို အနိုင်ရ ကျော်ဖြတ် နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲမှာ ဘာစီလိုနာ အမျိုးသမီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ဝါရင့် အသင်းခေါင်းဆောင် ဆာဂျီ ရောဘတ်တို ကို အသင်းမှာ ဆက်ရှိနေဖို့ ဆန္ဒ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုမယ် မချုပ်ဆိုဘူးဆိုတာ ကတော့ ကစားသမား အပေါ်ပဲ မူတည်ပါမယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ လာမယ့် နွေရာသီမှာ ဗလင်စီယာ ကွင်းလယ်လူ ပီပီလူ ကို ခေါ်ယူဖို့ ချိန်ရွယ် နေတယ်လို့လည်း ကြားသိရပါတယ် ။

 

လေဗာကူဆင် အသင်း အကြီးအကဲ ကာရို က သူတို့ဟာ ဂျော်နသန် တက် ကို စာချုပ်သက်တမ်းတိုး ချုပ်ဆို သွားဖို့ စိတ်ကူးရှိတယ်လို့ ပြောဆိုသွားခဲ့ပြီး စာချုပ်သစ် မချုပ်ဆိုတော့ဘူး ဆိုရင်တော့ အခု နွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ် ။

 

SPORTS MYANMAR