ချဲလ်ဆီး ပိုင်ရှင်တွေ သူ့ကို အဆက်အသွယ် မလုပ်တော့ကြောင်း ဖွင့်ဟလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ရှေ့ရက်ပိုင်း အတွင်း ဒီရာသီရဲ့ တခုတည်းသော ဆုဖလား မျှော်လင့်ချက် ဖြစ်တဲ့ အက်ဖ်အေဖလားမှ နှုတ်ဆက်ထွက်ခွာခဲ့ရသလို ၊ ခါးသီးတဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက် အာဆင်နယ်ကို အမ်းမရိတ်စ်မှာ ၅ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေ အဖို့ အတော်လေး ဒေါသထွက်စရာ အချိန်ကာလ တရပ် ဖြစ်ခဲ့ပါတယ် ။

နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုရဲ့ အနာဂတ်ဟာလည်း ထိုရှုံးပွဲ ၂ပွဲ အပြီး သိသိသာသာ ပြန်လည် လှုပ်ခတ်လာပြီး ၊ ပရိသတ် အများအပြားကတော့ ၄င်းကို ရာထူးမှ အခုချက်ချင်း မထုတ်ပယ်ရင်တောင် ၊ ရာသီအကုန်မှာ ထုတ်ပယ်သွားဖို့ တောင်းဆိုနေကြပါတယ် ။

အခုလို ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်း ခံနေရချိန် မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေဟာ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း ၄င်းနဲ့ အဆက်အသွယ် လုပ်ထားခြင်း မရှိကြောင်း အတိအလင်း ထုတ်ဖော်ဝန်ခံလာပါတယ် ။

ပိုချက်တီနို က ” လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း ကျွန်တော်တို့ အကြား မက်ဆေ့ခ်ျ ပို့တာ ၊ အဆက်အသွယ် လုပ်တာ မရှိခဲ့ပါဘူး ။ အားကစား ဒါရိုက်တာတွေဆီကနေ ကျွန်တော်တို့ အချိတ်အဆက် လုပ်တာတွေ ရှိခဲ့ပေမယ့် ၊ ဘာမှတော့ ထူးထူးခြားခြား မပြောင်းသွားခဲ့ပါဘူး ။ ”

” လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း ကျွန်တော်တို့ အကြား မက်ဆေ့ခ်ျ ဖလှယ်မှု မရှိခဲ့သည့်တိုင် ကျွန်တော့ရဲ့ အမြင်နဲ့ ခံစားချက်ကိုလည်း သူတို့ မပြောင်းလဲခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ယင်းအာဂျင်တိုင်းသားက အနိမ့်ဆုံးတော့ အားကစား ဒါရိုက်တာ ၂ဦး ဖြစ်တဲ့ လောရန့် စတီးဝပ်နဲ့ ပေါလ်ဝင်စတန်လေတို့ထံမှ ထောက်ခံမှု ရထားလို့ စိတ်အေးရနိုင်မလား ဆိုတဲ့ အမေး အပေါ် အခုလို တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ဒါက သူတို့ အတွက် မေးခွန်းကောင်း တခု ဖြစ်ပါလိမ့်မယ် ။ ခင်ဗျားတို့ အခွင့်သာရင် သူတို့ကို မေးကြည့်ပေါ့ဗျာ ။ ဒါပေမယ့် ဒါက ( ကျွန်တော်တို့မှာ ပြဿနာ ရှိနေတယ် ဆိုတာ ) သူတို့ အတွက် ပြောစရာဖြစ်စေတဲ့ အိုင်ဒီယာ တခုတော့ မဟုတ်ပါဘူး ။ ဒါက အမှန်တရားပါပဲ ။ ”

” အိုကေ ။ ဒါက အချက် တချက်ပါ ။ ဒီအတွက် တာဝန်ရှိတယ်လို့ ယူဆရင် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ် ။ ဒီအခြေအနေအတွက် ကျွန်တော်တို့မှာ တာဝန် မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော်လည်း သူတို့ ဘာတွေ စဉ်းစားနေလဲ ဆိုတာ မသိလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ပိုချက်တီနိုက ယခုနှစ် ရာသီဟာ မနှစ်ကထက် ပိုပြီး ကောင်းမလာခြင်းနဲ့ ပတ်သက်ပြီး သူ့ကို ဝေဖန်မယ်ဆိုရင် ၊ သူ့ကို ခေါ်ယူခန့်အပ်ထားတဲ့ ပိုင်ရှင်တွေ ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ အားကစားဒါရိုက်တာတွေကိုလည်း ဝေဖန်ဖို့ လိုမယ်လို့ အရိပ်အမြွက်ဖွင့် ဖြေကြားလာပါတယ် ။

ပိုချက်တီနို က ” ကျွန်တော့ တာဝန်က အသင်း စွမ်းဆောင်ပြနိုင်ဖို့ ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ။ ကလပ်ဖက်က ခင်ဗျား အလုပ်လုပ်ကြောင်း သက်သေပြဖို့ လိုမယ့် ပုံစံခွက် တခုကို ဒီဇိုင်းဆွဲ တည်ဆောက်နေတာပါ ။ ဘာလို့လဲဆိုတော့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် အခု ပြဿနာက မန်နေဂျာ တယောက်တည်းကြောင်း မဟုတ်ဘူး ဆိုတာ ခင်ဗျား ပြောနိုင်လို့ပါ ။ ”

” ဒါပေမယ့် ကျွန်တော့မှာ ကလပ် အတွက် သော့မရှိပါဘူး ။ ကျွန်တော်ဟာ ဒီမှာ ဆုံးဖြတ်ချက် အားလုံးကို ဆုံးဖြတ်ခွင့် မရပါဘူး ။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် အရင်ပြောရပါမယ် ။ ခင်ဗျားက ကျွန်တော့ကို သော့ပေးထားတယ် ၊ ဒီလူက ဒီမှာ ရှိနေတယ် ။ ဒါက ကျွန်တော့ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုရင်တော့ ဒါက ပြောစရာ တခုပေါ့ ။ ”

” ဒါပေမယ့် ဒါက ကျွန်တော့ ဆုံးဖြတ်ချက် သက်သက် မဟုတ်ရင် ခင်ဗျားဟာ ကျွန်တော့ကိုရော ၊ ကျွန်တော့ကို ခေါ်ပြီး အလုပ်ပေးထားတဲ့သူကိုပါ အကဲဖြတ်ဖို့ လိုမယ် မဟုတ်လား ? ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ တာဝန်ယူမှု မဟုတ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR