အိုင်းယက်စ် ကြယ်ပွင့်ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ်

 

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ အိုင်းယက်စ် အသင်း ရဲ့ ဗဟို နောက်ခံလူ Jorrel Hato ကို ခေါ်ယူဖို့ စိတ်ဝင် စားနေပြီး အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အသက် ၁၈ နှစ် အရွယ် Jorrel Hato ဟာ ပြီးခဲ့တဲ့ ရာသီမှာ အိုင်းယက်စ် အသင်း အတွက် စတင် ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ အသင်း ရဲ့ အဓိက ကစားသမား အဖြစ် ပုံမှန် ပွဲထွက်ခွင့် ရနေသူပါ ။ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အိုင်းယက်စ် အသင်းဟာ လစာ တိုးပေးပြီး ၂၀၂၈ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် ကို ချုပ်ဆို ခဲ့ပါတယ် ။

အပြောင်းအရွှေ့ဂုရု ဖာဘရစ်ဇီယိုရိုမာနို ကတော့ အာဆင်နယ် အသင်းဟာ နွေရာသီမှာ အိုင်းယက်စ် နောက်ခံလူ Jorrel Hato ကို ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေကြောင်း Here We Go Podcast မှာ ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း က အနာဂတ် အတွက် ကြိုတင် လုပ်ဆောင်နေတဲ့ အသင်းပါ ၊ သူတို့ရဲ့ အကယ်ဒမီမှာ အံ့ဖွယ် ကြယ်ပွင့် ကစားသမားတွေ အများအပြား ရှိနေပါတယ် ။ ဒါပေမဲ့ သူတို့ စောင့်ကြည့်နေတဲ့ ကစားသမားလည်း ရှိပါတယ် ၊ သူက အိုင်းယက်စ် အသင်းမှာ ကစားနေတဲ့ ဗဟို နောက်ခံလူပါ ၊ Jorrel Hato ပေါ့ ။ ”

” Jorrel Hato က ပြီးခဲ့တဲ့လ အနည်းငယ်ကမှ အိုင်းယက်စ် နဲ့ စာချုပ်သစ် ချုပ်ဆို ထားတာပါ ။ အိုင်းယက်စ် ကတော့ သူ့ကို နွေရာသီမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ထားပါတယ် ၊ ဒါပေမဲ့ အာဆင်နယ် အသင်းက သူ့ကို ကြိမ်ဖန်များစွာ စောင့်ကြည့်ခဲ့ပြီး ခုထက်ထိ စောင့်ကြည့် နေဆဲပါ ။ အာဆင်နယ် ဘက်က သူ့ကို အလားအလာ သိပ်ကောင်းတဲ့ ဗဟို နောက်ခံလူ အဖြစ် မြင်ထားပါတယ် ။ ”

” ဒါကြောင့် အာဆင်နယ် နှင့် Hato အခြေအနေကို တစ်ချက် ကြည့်ရပါမယ် ။ အာဆင်နယ်က သူတို့ဟာ Hato ကို ခေါ်ဖို့ အခြေအနေ အကောင်းဆုံး အသင်း ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ် ။ နွေရာသီမှာ သူတို့ ခေါ်နိုင်မလား အနာဂတ်မှာ ခေါ်နိုင်မလား စောင့်ကြည့်ရပါမယ် ၊ သေချာတာကတော့ Hato က အာဆင်နယ် အသင်း ရဲ့ အဓိက ပစ်မှတ်ထဲ ပါဝင် နေတယ် ဆိုတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM