ရာသီအကုန် ချဲလ်ဆီး ဘုတ်အဖွဲ့နဲ့ အနာဂတ် ဆွေးနွေးမယ့် သတင်းတွေ ထွက်လာအပြီး သူ နည်းပြ ရာထူးမှာ ဆက်မြဲဖို့ ရှိမရှိ အရိပ်အမြွက် ဖွင့်ဟလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်း ပိုင်ရှင်တွေ ဖြစ်တဲ့ တော့ဒ်ဘိုလီ ၊ ဘာဒက် အဂ်ဘာလီနဲ့ Clearlake အဖွဲ့တို့ဟာ ရာသီအကုန်အပြီး မရှေးမနှောင်းမှာ လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ အနာဂတ်ကို အားကစားဒါရိုက်တာတွေ ဖြစ်ကြတဲ့ ပေါလ်ဝင်စတန်လေ ၊ လောရန့် စတူးဝပ်တို့နဲ့ အတူ ဆုံးဖြတ်ချက် ချသွားမယ်လို့ The Telegraph သတင်းဌာနက အတည်ပြုလာပါတယ် ။

ပိုချက်တီနို ကိုယ်တိုင်ဟာလည်း ယင်းတွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်သွားမယ်လို့ သိရပြီး ၊ လတ်တလော ရလဒ်နဲ့ စွမ်းဆောင်ရည် အပေါ် အမေရိကန် ပိုင်ရှင်တွေ အားရကျေနပ်မှု ရှိသည့်တိုင် ၊ တရာသီလုံးရဲ့ အနေအထားကို ခြုံငုံ သုံးသပ်မှာ ဖြစ်တာကြောင့် ၊ အများရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ ယင်းအာဂျင်တိုင်းသားရဲ့ အနာဂတ်က မူတည်လျက်ရှိပါတယ် ။

ယနေ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ပိုင်ရှင်တွေဖက်က သူ့ကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်သွားနိုင်သည့်တိုင် ၊ ၄င်းကိုယ်တိုင် အသင်းက ထွက်ခွာသွားမယ့် အနေအထားမျိုးလည်း ကြုံကောင်းကြုံနိုင်ကြောင်း အခုလိုပဲ အရိပ်အမြွက် ဖွင့်ဟလာပါတယ် ။

ပိုချက်တီနို က ” ဒီမှာကြည့် ။ ဒါက အရေးမကြီးပါဘူး ။ အရေးကြီးဆုံးက ရှေ့ဆက် သွားနေဖို့ ၊ ရှေ့ဆက် အလုပ်လုပ်နေဖို့ပါ ။ ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေမယ်ဆိုရင်ပေါ့ ။ ပိုင်ရှင်တွေ သာမက ၊ အားကစားဒါရိုက်တာတွေကလည်း ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေကြပါတယ် ။ ”

” ဒီအဖွဲ့အစည်း တခုလုံးဟာ ဒီကလပ် တည်ဆောက်မှုမှာ ပါဝင်နေကြပါတယ် ။ သူတို့ကြောင့် ကျွန်တော်တို့ အားလုံးဟာ စစ်ဆေးမှုအောက်မှာ ရှိနေပါတယ် ။ ကျွန်တော်တို့သာ ပျော်ရွှင်နေမယ်ဆိုရင် ခင်ဗျား ကျွန်တော်တို့ကို မေးဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ အခြေအနေကို လက်ခံပြီး ကျွန်တော်တို့ မပျော်ကောင်း မပျော်နေနိုင်လို့ပါ ။ ”

” အဲလိုသာဆိုရင် ကျွန်တော်တို့ မပျော်မရွှင် ဖြစ်ပြီး ၊ အတွေးအမြင် ကွဲလွဲမှုတွေ ဖြစ်လာပါမယ် ။ ရာသီအကုန်မှာ ဒီနည်းပြ အဖွဲ့နဲ့ ဆက်ပြီး အလုပ်မလုပ်တာမျိုး ကြုံလာခဲ့မယ်ဆိုရင် ဒါက ပထမဆုံး အကြိမ် ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အဆုံးမှာတော့ ဒါက အမြဲတမ်း လမ်းကြောင်း ပြောင်းပြန်ဖြစ်တတ်ပါတယ် ။ ”

” ဒါက အမြဲတမ်း အသင်းပိုင်ရှင်တွေ ဒါမှမဟုတ် အားကစားဒါရိုက်တာတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ ။ သူတို့ မနက်ဖြန်လည်း ဆုံးဖြတ်ချက် ချနိုင်ပါတယ် ။ ဒါမှမဟုတ် ကျွန်တော်ကပဲ ‘ ကျွန်တော် ထွက်ချင်တယ် ‘ လို့ ပြောကောင်းပြောနိုင်ပါတယ် ။ ဒါဟာ ၂ဦး၂ဖက်က သဘောတူပြီးမှ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ် ။ ”

” ပိုင်ရှင်တွေနဲ့ အားကစားဒါရိုက်တာက မပျော်ရွှင်တာ ဖြစ်နိုင်ပါတယ် ။ ဒါမှမဟုတ် ကျွန်တော်တို့ မပျော်ရွှင်နေတာလည်း ဖြစ်နိုင်တာပါပဲ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီကို အလုပ်လုပ်ဖို့ ရောက်လာကြပြီး ၊ အဆုံးမှာ ဒါက မျှော်မှန်းသလို ဖြစ်လာချင်မှ ဖြစ်လာတာမို့ပါ ။ ”

” ကျွန်တော် မပျော်ရွှင်နေဘူးလို့ ပြောနေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ပုံမှန်ဆို ဒီဆုံးဖြတ်ချက်က အမြဲ တဖက်သတ် ဖြစ်နေတတ်ပြီး ၊ အခြား တဖက်ကနေလည်း ကျွန်တော်တို့ ပြန်ကြည့်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR