ပိုချက်တီနို လက်အောက် ထိပ်တန်းအဆင့် ဖြစ်လာမယ့် ချဲလ်ဆီး စတားနဲ့ ပိုပြီး တိုးတက်လာမယ့် ချဲလ်ဆီး စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဟယ်ရီ ရက်ဒ်နပ်

 

ချဲလ်ဆီး အသင်းဟာ ၂၀၂၃ – ၂၄ ပရီးမီးယားလိဂ် ရာသီ ပိတ်သိမ်းဖို့ လက်ကျန် ၃ပွဲ အလို အဆင့် ၇ မှာ ရပ်တည်ထားနိုင်ပြီး ၊ ထိုပွဲတွေမှာ အမှတ်ပြည့် ယူနိုင်ရင် ယူရိုပါလိဂ် ဝင်ခွင့် ရရှိသွားနိုင်တဲ့အထိ အလားအလာကောင်းတွေ ပိုင်ဆိုင်နေပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ၂ပွဲဆက် အနိုင်ရခဲ့ရာမှာ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ချဲလ်ဆီးရဲ့ ကစားပုံနဲ့ ခြေစွမ်းကို သိသိသာသာ တိုးတက်အောင် စွမ်းဆောင်ပေးထားပြီး ၊ အသင်းသားတွေဟာလည်း သိသာကောင်းမွန်တဲ့ တဦးချင်း စွမ်းဆောင်ရည်တွေကို ထုတ်ပြထားနိုင်ပါတယ် ။

အထူးသဖြင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှ ထွက်ခွာခဲ့ရအပြီး အဆုံးသတ် မသေချာမှုကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရတဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ ယင်းလန်ဒန်ဒါဘီ နိုင်ပွဲတွေမှာ ၃ဂိုး သွင်းယူ ၊ တဂိုးဖန်တီးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဂျက်ဆင်ဟာ သူ့ရဲ့ ပထမဆုံး ရာသီမှာတင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၃ဂိုး အထိ ရရှိထားကာ ၊ ပြိုင်ပွဲစုံမှာ ၁၆ဂိုး အထိ သွင်းယူပေးထားပါတယ် ။ တော့တင်ဟမ် နည်းပြဟောင်း ဟယ်ရီ ရက်ဒ်နပ်ကတော့ ဂျက်ဆင်ဟာ အနာဂတ်မှာ ထိပ်တန်းအဆင့်သို့ ရောက်လာနိုင်ကြောင်း သုံးသပ်ခန့်မှန်းသွားပါတယ် ။

ရက်ဒ်နပ် က ” နီကိုးလက်စ် ဂျက်ဆင်ဟာ မကြာခဏဆိုသလို ဝေဖန်မှု လွန်လွန်ကျူးကျူး ခံရတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အခွင့်အရေး တချို့ လွဲချော်ခဲ့ဖူးတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ဂိုး အထိ သွင်းထားပြီးပါပြီ ။ ”

” သူဟာ အသက် ၂၂နှစ်ပဲ ရှိသေးသလို ၊ ဒါက သူ့ရဲ့ ပထမဆုံးနှစ် ဆိုတာ ခင်ဗျားတို့ မေ့နေကြပါတယ် ။ သူဟာ ဘယ်တော့မှ ပြေးတာ ရပ်မသွားသလို ၊ ခန္ဓာကိုယ် အားပြုပြီး ဘောလုံး ထိန်းထားနိုင်တဲ့ စွမ်းရည်ကလည်း အတော်လေး ကောင်းလာပါတယ် ။ ”

” သူသာ အဆုံးသတ်စွမ်းရည်ကို မြှင့်တင်နိုင်ရင် သူဟာ ထိပ်တန်း အဆင့် နံပါတ် ၉ တိုက်စစ်မှူး ဖြစ်လာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျက်ဆင် နည်းတူ အခြား ချဲလ်ဆီး ကြယ်ပွင့် တဦး ဖြစ်တဲ့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီဟာလည်း နောက်ဆုံး ၃ပွဲဆက် ခြေစွမ်း အထူး ပြသထားပါတယ် ။

၄င်းနဲ့ ပတ်သက်ပြီးလည်း ရက်ဒ်နပ် က ” နွန်နီ မက်ဒူးကီဟာ ချဲလ်ဆီး အတွက် ဖြည်းဖြည်းချင်း ပိုပိုပြီး ကောင်းလာတဲ့ နောက်ထပ် ကစားသမား တယောက် ဖြစ်ပါတယ် ။ ရှေ့ပွဲမှာ သူ တဂိုးသွင်းနိုင်ခဲ့တယ် ၊ တဂိုး ဖန်တီးနိုင်ခဲ့ပါတယ် ။ ဝက်စ်ဟမ်း ခံစစ်ကိုလည်း အကြိမ်ပေါင်းများစွာ အခက်တွေ့စေပါတယ် ။ ”

” သူဟာ ပင်ကို အရည်အချင်းရှိ ကစားသမား တယောက်ပါ ။ ကြည့်ရတာ မော်ရစ်စီယို ပိုချက်တီနိုဟာ သူ့ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်ကို စပြီး ထုတ်ယူလာနိုင်တဲ့ ပုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR