မာဆေးဆိုက်ဒါဘီရှုံးပွဲအပြီး လီဗာပူး ကစားသမား ၂ ဦးကို ဝေဖန်လိုက်တဲ့ ကာရေဂါ

 

ဂျေမီကာရေဂါဟာ မနေ့ညက အဲဗာတန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ် အပြီးမှာ လီဗာပူး ကစားသမား ၂ ဦးရဲ့ performance ကို အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် title race မှာ ဆက်ရှိနေဖို့ အတွက် အဲဗာတန်ကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပေမယ့်လည်း တိုက်စစ်ပိုင်းက အခွင့်အရေး ဖြုန်းတီးမှု ၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းရဲ့ အားနည်းမှုတွေနဲ့ အတူ ဂွတ်ဒီဆင်ပက်မှာ ၂-၀ နဲ့ ရှုံးပြီး title race ကနေ ထွက်ရပြီလို့ ဆိုနိုင်ပါတယ်။

အဲဗာတန်ဟာ ပွဲအစပိုင်းမှာ ကစားပုံကောင်းကာ တိုက်ပွဲ၀င် ကစားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ကာ ဦးဆောင်ဂိုးတောင် စောစောစီးစီးရဖို့ အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၇ မိနစ်မှာတော့ ဘရိုက်ဝိုက်က ကိုနာတေးရဲ့ အမှားကနေ ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။ ကာရေဂါကတော့ အဲဗာတန်ရဲ့ ဦးဆောင်ဂိုးနဲ့ ပက်သက်ပြီး လီဗာပူး ခံစစ်ပိုင်းကို ဝေဖန်သွားခဲ့ကာ အဲဒီနောက် အဓိက အမှားကျူးလွန်သူ ကိုနာတေးကိုလည်း အပြစ်တင်ခဲ့ပါတယ်။

ကာရေဂါက “လီဗာပူးတို့ ဖရီးကစ်တွေ ဘယ်နှစ်ကြိမ်တောင် ပေးပစ်နေတာလဲ? ဆိုလိုတာက set-piece ဆိုတာ အဲဗာတန်ရဲ့ အဓိက လက်နက် တစ်ခု ဖြစ်ပါတယ်။ အဲဗာတန်ဟာ ကစားပုံ ကောင်းခဲ့ပါတယ်။ အထူးသဖြင့် set piece တွေမှာ သူတို့မှာ အကြိမ်တိုင်း ဂိုးသွင်းနိုင်မယ့် အခြေအနေ ရှိခဲ့ပါတယ်။

ကိုယ့်ရဲ့ ဧရိယာထဲမှာ လီဗာပူးတို့ foul ဘောတွေ ပေးခဲ့တဲ့ အကြိမ် အရေအတွက်က များလွန်းပါတယ်။ အဖွင့်ဂိုးမှာ ကိုနာတေးကို ကြည့်လိုက်ပါ။ ‘သူ ဘာလုပ်တာလဲ’ သူဟာ ကိုယ် ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ ပင်နယ်တီ ဧရိယာ အတွင်းမှာ အဆင်အခြင်မဲ့ ခြေထောက်ကို ဆန့်ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်ဟာ ဦးဆောင်ဂိုးရဖို့ ထိုက်တန်ပါတယ်။ set-piece ကနေ ဂိုးရဖို့လည်း ထိုက်တန်ပါတယ်။”

ပွဲအတွင်းမှာ ကလာဗန်လီ၀န်ရဲ့ လွှမ်းမိုးကစားခြင်းကို ခံခဲ့ရတဲ့ ကိုနာတေးဟာ ၆၃ မိနစ်မှာတော့ ကွန်းဆက်ခ်ျနဲ့ လူစားလဲခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် ကလာဗန်လီ၀န်ဟာ ဒုတိယပိုင်းမှာ ထောင့်ကန်ဘောကနေ တဆင့် အဲဗာတန် အတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ပွဲကို လုံး၀ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ မက်အလစ္စတာ ကလည်း ကာရေဂါရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ကာရေဂါက “လီဗာပူးရဲ့ ဒါဘီပွဲစဉ်ကို ရင်ဆိုင်ခဲ့ပုံဟာ တကယ့်ကို နုံချာခဲ့ပါတယ်။ သူတို့ ပွဲအစပိုင်းမှာ ကံကောင်းလို့သာ ပင်နယ်တီ မပေးခဲ့ရတာပါ။ ဒီပွဲကို မေ့လိုက်ပါ။ လီဗာပူး ကစားသမား တစ်ဦး အနေနဲ့ ဂွတ်ဒီဆင်ပက်ကို လာကစားတိုင်း စည်းမျဉ်းနှစ်ခု ရှိပါတယ်။ မလိုအပ်တဲ့ foul တွေ ပေးကာ ပရိတ်သတ်ကို မဆွမိဖို့နဲ့ ဘောလုံးကို လျှင်လျှင်မြန်မြန်ပေးပြီး ပြိုင်ဘက်ရဲ့ ဖျက်ထုတ်မှုတွေ မခံရဖို့ ဖြစ်ပါတယ်။

မက်အလစ္စတာဟာ ဒီရာသီ လီဗာပူးအတွက် တအားကောင်းခဲ့ပေမယ့်လည်း ဒီပွဲမှာတော့ ကွင်းလယ်ပိုင်းကနေ foul ဘောတွေ အများကြီး ပေးကာ ဘောလုံးကို တအား ကိုင်လွန်းနေခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ကို tackle လုပ်ဖို့ ခွင့်ပြုခဲ့ပြီး ပရိတ်သတ်ကို ကြွစေခဲ့ပါတယ်။”