အယ်ကလက်စီကိုမှာ ဂိုးလိုင်းနည်းပညာ မသုံးခဲ့တဲ့ အပေါ် စိတ်ပျက်လက်ပျက် ညည်းတွားခဲ့တဲ့ ဇာဗီ

 

မနေ့ညက ကစားသွားတဲ့ အယ်ကလက်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘာစီလိုနာ အသင်းကို ဂျုဒ်ဘယ်လင်ဂမ်ရဲ့ နာကျင်အချိန်ပိုမှ သွင်းဂိုးနဲ့ အတူ ၃ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ လာလီဂါ ဆုဖလားနဲ့ ခြေတလှမ်း နီးလာပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဧည့်သည် ဘာဆာတို့ ၂ကြိမ်တိုင်တိုင် ဦးဆောင်နေခဲ့ပေမယ့် ၊ ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ် ။ ခံစစ်ပိုင်း အားနည်းမှုနဲ့ အာရုံစိုက်မှု လျော့နည်းခဲ့ခြင်းကြောင့် အဖွင့် ချေပဂိုးမှာ ဗင်နီးဆီးယပ်စ်ရဲ့ ပင်နယ်တီကို ခွင့်ပြုခဲ့ရသလို ၊ ဒုတိယပိုင်းမှာလည်း ညာခြမ်း ခံစစ်က တက်လာတဲ့ လူးကပ်စ် ဗက်ဇ်ကွက်ဇ်ကို အလွတ် ကန်ခွင့်ပေးခဲ့မိပါတယ် ။

သို့ပေမယ့် ဘာစီလိုနာတို့ဟာ ပထမပိုင်း အတွင်း ပွဲကို ဦးဆောင်ခွင့် ရနိုင်ခြေ ရှိခဲ့ပြီး ၊ ဒါကတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ရဲ့ ဂိုးစည်းပေါ်မှ ကာကွယ်မှုဟာ ဂိုးဝင်သွားနိုင်ခြေ ရှိခဲ့ခြင်း ဖြစ်ပါတယ် ။ ထူးဆန်းတာက ဂိုးလိုင်းနည်းပညာ ရှိမနေခဲ့ခြင်းကြောင့် ဒါကို ချက်ချင်း အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး ။

ကွင်းလယ်ဒိုင်နဲ့ VAR မှ ဒိုင်အဖွဲ့ကလည်း ထိုအခြင်းအရာကို ပြတ်ပြတ်သားသား ပြန်လည် မစစ်ဆေးခဲ့တာကြောင့် ဒါက ဂိုးစည်း ကျော်လား ၊ မကျော်သလား သေသေချာချာ မသိခဲ့ရပါဘူး ။ ဘာစီလိုနာ နည်းပြ ဇာဗီကတော့ ဒီအခြေအနေ အပေါ် အခုလိုပဲ စိတ်ပျက်လက်ပျက် ညည်းတွားလာပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဇာဗီ က ” ကျွန်တော် အရမ်း စိတ်ပျက်ခဲ့မိပါတယ် ။ လာလီဂါဟာ ကမ္ဘာ့ အကောင်းဆုံးလိဂ်လို့ သတ်မှတ်ချင်တယ်ဆိုရင် နည်းပညာ သုံးကို သုံးရပါလိမ့်မယ် ။ ဘောလုံးက ဂိုးထဲ ဝင်သွားခဲ့တာ လူတိုင်း တွေ့ခဲ့ကြမှာပါ ။ အရာရာတိုင်းက ကျွန်တော်တို့ကို မျက်နှာမပေးခဲ့ပါဘူး ။ ”

” ရာသီအစ ဂီတာဖေးနဲ့ ပွဲကတည်းက ကျွန်တော် ဒီလိုမျိုးတွေ မြင်နေရတာကို သဘောမကျဘူးလို့ သတိပေးခဲ့ပြီးသားပါ ။ ဒီနေ့မှာ ဒါက အဓိပ္ပာယ်မရှိတဲ့ အရာတွေ တစုတစည်းတည်း ဖြစ်သွားခဲ့ပါတယ် ။ ကိုယ့်အသင်း အတွက်တော့ ကျွန်တော် ဂုဏ်ယူမိပါတယ် ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပိုကောင်းကောင်း ကစားနိုင်ခဲ့သလို ၊ ပိုပြီးလည်း ပြိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ ကစားတာ အရမ်းကောင်းခဲ့ပါတယ် ။ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့သလို ၊ ခံစစ်ကစားတာလည်း ကောင်းခဲ့ပါတယ် ။ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ ။ ကိုယ် လုပ်ခွင့်မရတဲ့ အခြေအနေတွေကြောင့် အခုတော့ ရမှတ်တွေ ဆုံးရှုံးရပြန်ပါပြီ ။ ဒါက စိတ်ပျက်စရာပါ ။ ကျွန်တော်တို့ ဒီထက် ပိုပြီး ထိုက်တန်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လာလီဂါ အမှတ်ပေးဇယား ဒုတိယ နေရာက ဘာစီလိုနာတို့ဟာ ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကို ၁၁မှတ် ဖြတ်ခွင့် ပေးခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် Los Blancos တို့ဟာ လက်ကျန် ၆ပွဲမှာ ၃ပွဲ နိုင်ရုံနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ဇာဗီ က ” လာလီဂါဟာ ၃၈ပွဲ ကစားရတဲ့ လိဂ်ပါ ။ အဆုံးမှာတော့ ကျွန်တော်တို့ သူတို့ကို ဂုဏ်ပြုရပါမယ် ။ သူတို့ဟာ တပွဲပဲ ရှုံးထားသေးတာပါ ။ လာလီဂါ သရဖူကို သူတို့ ရလုနီးနီး ဖြစ်နေပါပြီ ။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော့ ခံစားချက်က အမြင့်မားဆုံးသော မမျှတခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR