မန်စီးတီးနဲ့ ပက်ဂွာဒီယိုလာကို အံ့အားသင့်စေခဲ့တဲ့ အန်ဆယ်လော့တီရဲ့ နည်းစနစ် အပြောင်းအလဲ တခု အကြောင်း ဖွင့်ဟလာတဲ့ ရိုဒရီဂို

 

ယနေ့မနက် ဘာနေဗျူးကွင်းမှာ ကစားသွားတဲ့ ရီးရဲလ်မက်ဒရစ် – မန်စီးတီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲဟာ တဖက် ၃ဂိုးစီ သရေရလဒ်နဲ့ အတူ ပရိသတ်တွေကို မျှော်မှန်းထားတဲ့ အတိုင်း ဖျော်ဖြေမှု အပြည့် ပေးသွားပါတယ် ။

ရီးရဲလ်မက်ဒရစ် အတွက် ထိုပွဲမှာ ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့တဲ့ ဘရာဇီး လက်ရွေးစင် တောင်ပံကစားသမား ရိုဒရီဂိုကတော့ ၄င်းတို့ဟာ မန်စီးတီးတို့ မထင်မှတ်ထားတဲ့ နည်းစနစ် အပြောင်းအလဲ တခုနဲ့ ချဉ်းကပ်ခဲ့ကြောင်း ပွဲအပြီး Movistar နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလို ဖွင့်ဟလာပါတယ် ။

ရိုဒရီဂို က ” သူတို့ ကျွန်တော့ကို ဘယ်ခြမ်းတိုက်စစ်မှာ ကစားဖို့ မမျှော်မှန်းထားခဲ့ပါဘူး ။ အဲဒီ နေရာမှာ ဗင်နီက အမြဲတမ်း ကစားလာတာပါ ။ ဒီနေ့တော့ နည်းစနစ် အသစ် တခုနဲ့ ကျွန်တော်တို့ အပြောင်းအလဲ လုပ်ပြီး ချဉ်းကပ်လာခဲ့ပါတယ် ။ ”

” ရလဒ်ပိုင်းကတော့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ဟာ နောက်အပတ်မှာ ကစားမယ့် ဒုတိယအကျော့ အကြောင်း ခုကတည်းက စဉ်းစားနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ရိုဒရီဂိုက ပွဲရလဒ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ရိုဒရီဂို က ” ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပြီး ၊ ပထမအကျော့မှာ အပေါင်းလက္ခဏာ ဆောင်တဲ့ ရလဒ် တခုနဲ့ ထွက်ခွာချင်ခဲ့တာပါ ။ ကျွန်တော်တို့ဟာ ဂိုးသွင်းခဲ့သလောက် ခံစစ်ကလည်း ဂိုးပြန်ပေးခဲ့ရတာကြောင့် သရေကျခဲ့ပါတယ် ။ ခုတပတ်တော့ ကျွန်တော်တို့ လေ့ကျင့်ပြီး ၊ နောက်တပတ် ဒုတိယအကျော့ကို ရင်ဆိုင်ရပါမယ် ။ ”

” ပြိုင်ဖက်ရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပက ကန်ချက်တွေ အကြောင်း ကျွန်တော်တို့ သိထားခဲ့ပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ကြိုတင် ပိတ်ဆို့နိုင်ခဲ့ရမှာပါ ။ အဲဒီမှာ ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ ပင်နယ်တီ ဧရိယာ ပြင်ပ ကန်ချက် အနည်းဆုံး ခွင့်ပြုနိုင်မယ့် အသင်းက နောက်တဆင့်ကို တက်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီကတော့ နည်းစနစ် အပြောင်းအလဲမှာ အံဝင်ဂွင်ကျ ကစားနိုင်ခဲ့တဲ့ ဘရာဇီးသား ၂ဦး ဖြစ်တဲ့ ဗင်နီးဆီးယပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ချီးကျူးသွားပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်ဟာ ရိုဒရီဂိုရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ဆက်တိုက် ပုံစံကောင်း ရနေခြင်းကို သတိထားမိခဲ့ပါတယ် ။ ဗင်နီးဆီးယပ်စ်ဟာ တိုက်စစ်မှူး ပုံစံမျိုး အတွင်း နည်းနည်းပါးပါး ဝင်ကစားဖို့ ဘာမှ မပြောင်းလဲခဲ့ပါဘူး ။ သူတို့ ၂ယောက်လုံး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ် ။ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ် ။ ”

” တသင်းလုံးရဲ့ ဒီနေ့ပွဲက ရဲစွမ်းသတ္တိနဲ့ ကိုယ်ပိုင်ဟန် ထုတ်ဖော်ပြသနိုင်မှုကို ကျွန်တော် သဘောကျခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော်တို့ရဲ့ ကစားအားကလည်း နေရာတိုင်းမှာ အတော်လေး တောင့်တင်းမှု ရှိခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပုံမှန် ကစားနေကျ ပုံစံ ကွဲပြားပြီး ချဉ်းကပ်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ တဦးချင်း အနေအထားတွေမှာ press တာ ရှားပါတယ် ။ ခံစစ်အတွင်းကို အနည်းငယ် နှိမ့်ပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ပိုပြီး ကစားခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို အခွင့်အရေး ပိုပေးမှာ ဖြစ်သလို ၊ ဒီထက်လည်း ပိုကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR