ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ဘာကြောင့် ရှုံးခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ အန်ဆယ်လော့တီ

 

ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲ၂ပွဲ စတင် ကစားဖို့ ရှိပြီး ၊ ဘာနေဗျူးက ရီးရဲလ်မက်ဒရစ် – မန်စီးတီး ပွဲကလည်း ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားမှာ သေချာပါတယ် ။ ဒီ၂သင်းဟာ ပြီးခဲ့တဲ့ ရာသီ ဆီမီးဖိုင်နယ် အဆင့်မှာလည်း ထိပ်တိုက် ရင်ဆိုင်ခဲ့ကြဖူးပါတယ် ။

မနှစ်ကတော့ မန်စီးတီးဟာ အီတီဟတ်က ၄ဂိုးပြတ် အနိုင်ရလဒ်ကြောင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သလို ၊ အင်တာမီလန်ကို အနိုင်ရကာ ဗိုလ်စွဲခဲ့ပါတယ် ။ ဒီ၂သင်းဟာ ယခု တကြိမ် အပါအဝင်ဆို ၃နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့နေကြခြင်း ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို ဆီမီးဖိုင်နယ် အဆင့်မှာ ဘာကြောင့် ရှုံးခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်လည် ဖြေရှင်းလာပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်တို့ဟာ ရဲရင့်ခြင်းနဲ့ ကိုယ်ပိုင်ဟန် မရှိခဲ့ပဲ ကစားခဲ့တာပါ ။ ဒါတွေဟာ ဒီလိုပွဲမျိုးတွေမှာ အခြေခံကျတဲ့ ရှုထောင့်တွေ ဖြစ်ပါတယ် ။ နောက်ကြောင်း ပြန်ကြည့်ရင် ကျွန်တော်တို့မှာ ဒါတွေ ပျောက်ဆုံးနေခဲ့ပါတယ် ။ တချို့သော အခြေအနေတွေမှာ ခြေစွမ်းကောင်း လစ်ဟာခဲ့တယ် ဆိုတာတော့ ရှင်းပါတယ် ။ ”

” ဒါက စိတ်ပိုင်းဆိုင်ရာ အရသာမက ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ပြဿနာ ကြုံခဲ့ခြင်းပါပဲ ။ ပြိုင်ဖက် အသင်းဟာ ကျွန်တော်တို့ကို ဖိအား အများကြီး ပေးခဲ့ပြီး ၊ ကိုယ့်ဖက်ကလည်း တခြားသော မတူညီတဲ့ ဖြေရှင်းချက်တွေ မရှာဖွေနိုင်ခဲ့ပါဘူး ။ ဒီလိုအရာတွေက ကျွန်တော်တို့ကို ဆီမီးဖိုင်နယ်ကနေ ပြုတ်ကျသွားစေခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အန်ဆယ်လော့တီက ဒီရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာ ဒီ၂သင်း အကြား အဆုံးအဖြတ် ပေးသွားနိုင်တဲ့ အရာတွေနဲ့ ၄င်းတို့မှာ တိုးလာတဲ့ အားသာချက် တရပ်ကို အခုလိုပဲ ထုတ်ဖော်လာပြန်ပါတယ် ။

အန်ဆယ်လော့တီ က ” ဒီအဆင့်ဟာ အရည်အသွေး အမြင့်ဆုံး ကစားသမားတွေ ရှိနေကြတဲ့ အဆင့်ပါ ။ ၂သင်းလုံးမှာ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ တပုံတပင် ရှိနေပါတယ် ။ ဒါက ပွဲကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ် ။ အရင်နှစ်တွေတုန်းကလည်း ဒီလိုမျိုး ဖြစ်ပျက်ခဲ့ဖူးပါတယ် ။ ”

” ဒီအဆင့်တွေမှာ ကွင်းထဲက ကစားသမားတွေကပဲ အဆုံးအဖြတ် ပေးကြတာပါ ။ နည်းစနစ် အပိုင်းကလွဲလို့ ကျန်တဲ့ နေရာတွေမှာ ကစားသမားတွေဖက်က အကောင်းဆုံး ပုံစံနဲ့ စွမ်းဆောင်ပြမှ ရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိရပါမယ် ။ ”

” ဒီလိုပွဲတွေမှာ တဦးချင်း အရည်အသွေးတွေ ၊ အမြင့်ဘော တဦးချင်း အားပြိုင်မှု ၊ ခံစစ် အားပြိုင်မှုတွေ ၊ အားသာချက်တွေက အမြင့်ဆုံး အနေအထားမှာ ရှိရပါမယ် ။ ဒီရှုထောင့်တွေမှာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ဖို့ လိုပါတယ် ။ ”

6th April 2024; Selhurst Park, Selhurst, London, England; Premier League Football, Crystal Palace versus Manchester City; Kevin De Bruyne of Manchester City celebrates his goal in the 70th minute for 1-4. – Photo by Icon Sport

” မနှစ်ကနဲ့ ကွာသွားတာက ကျွန်တော်တို့မှာ ဘောလုံးနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်လာတာပါ ။ ဥပမာ ပြောရရင် မနှစ်က ကျွန်တော်တို့မှာ ဘန်ဇီမာ ရှိခဲ့ပါတယ် ။ ဒီရာသီ ကျွန်တော်တို့ တိုက်စစ်မှာ အထောင်တိုက်စစ်မှူး တဦးမှ မရှိတော့ပါဘူး ။ ”

” ဒါပေမယ့် အထောင်တိုက်စစ်မှူး လစ်ဟာမှုကို ရွေ့လျားကစားအားနဲ့ ကျွန်တော်တို့ ပြန်လည် ကိုင်တွယ်ဖြေရှင်းထားပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် ကောင်းပါတယ် ။ တိုက်စစ် အတွက်ပဲ ဒီလို ရွေ့လျားကစားဟန်ကို တည်တာမျိုး မဟုတ်ပါဘူး ။ ဒါက ကျွန်တော်တို့ရဲ့ ပွဲအတွင်း သော့ချက် တရပ် ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR