အက်ဖ်အေဖလားက ထွက်ခွာခဲ့ရပေမယ့် ၊ ချဲလ်ဆီး စတား တဦးရဲ့ စွမ်းဆောင်ရည် အပေါ် ထုတ်နုတ်ချီးကျူးသွားတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ၁ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၊ အပိုင် အခွင့်အရေး ရတဲ့ အပိုင်းမှာ အသာစီးရခဲ့သလို ၊ ခြေစွမ်းနဲ့ စွမ်းဆောင်ရည် အရလည်း မခေခဲ့ပါဘူး ။

သို့ပေမယ့် အဆုံးအဖြတ် အခိုက်အတန့်တွေမှာ အဆုံးသတ် စွမ်းရည်က ဒီပွဲရဲ့ အဓိက ခြားနားချက် ဖြစ်စေခဲ့ပါတယ် ။ ချဲလ်ဆီးဖက်မှာ အမြင့်ပျံသန်းနေတဲ့ အားထားရတဲ့ တိုက်စစ်ကြယ်ပွင့် ကိုးလ်ပါလ်မာ တယောက် ဂိုးသွင်းခွင့် ထွေထွေထူးထူး မရခဲ့တာကလည်း ဂိုးပေါက်ပျောက်ဖို့ အကြောင်းဖန်စေခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်က ကိုးလ်ပါလ်မာဟာ မနေ့ညက ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေထဲက တခု ဖြစ်ပြီး ၊ ဂိုးသွင်းခွင့် မရခဲ့သည့်တိုင် တကိုယ်တော် စွမ်းဆောင်ရည်တွေက ထိပ်တန်းအဆင့်မှာ ရှိနေကြောင်း BBC Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလို ချီးကျူးသွားပါတယ် ။

လမ်းပတ် က ” သူတို့ဟာ ဒီရာသီမှာ ထိပ်သီး အသင်းတွေနဲ့ ရင်ဆိုင်တဲ့အခါ တချို့သော စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပါတယ် ။ သူတို့ဟာ မန်စီးတီးကို ၂ကြိမ်တိုင်တိုင် ဒီလိုမျိုး ရင်ဆိုင်ပြနိုင်ခဲ့ပါတယ် ။ အာဆင်နယ်နဲ့လည်း သူတို့ စွမ်းဆောင်ပြခဲ့ပါတယ် ။ ဗီလာကိုလည်း အက်ဖ်အေဖလားမှာ အနိုင်ကန်ပြခဲ့ပါတယ် ။ ”

” သူတို့မှာ ကောင်းမွန်တဲ့ ဖွဲ့စည်းမှုနဲ့ စိတ်ပြင်းပြမှု ရှိပါတယ် ။ ဘောလုံးရာသီ တလျှောက် ခြုံငုံကြည့်ရင်တော့ သူတို့မှာ တည်ငြိမ်မှု ကင်းမဲ့နေပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲကို ခင်ဗျား ခြုံကြည့်ရင်တော့ သူတို့ဆီကနေ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ”

” ကိုးလ်ပါလ်မာဆိုရင် တကိုယ်တော် ဆွဲပြေးကစားပြခဲ့ပြီး ၊ ဒီပွဲကို ဒီဂရီအဆင့် တခုလောက် အထိ သိမ်းကြုံးပြခဲ့ပါတယ် ။ သူဟာ ခင်ဗျား ဂိုးပေါက်ရှေ့မှာ ကစားတာ မြင်တွေ့လိုတဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ဒီနေ့ပွဲမှာ ဘောလုံး ဖြန့်ဝေမှု အားလုံးကို ဒိုင်ခံလုပ်ခဲ့လို့ပါ ။ ”

” အကောင်းမြင်စရာ များစွာ ရှိခဲ့ပေမယ့် သူတို့ဟာ တည်ဆောက်နေဆဲ ကစားသမား အစုအဖွဲ့ ဖြစ်တာကြောင့် သူတို့ကို အချိန်ပေးပြီး ၊ ဘယ်လောက် အနေအထားအထိ ပိုကောင်းလာမလဲ ဆိုတာ စောင့်ကြည့်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ” ကိုးလ်ပါလ်မာဟာ ခက်ခဲတဲ့ အခိုက်အတန့် ကြုံနေရတဲ့ ကလပ် တသင်းဆီ ရောက်လာတာပါ ။ သူ့အတွက် ဒီအခြေအနေက အလုပ်ဖြစ်ကောင်း ဖြစ်နေတယ် ဆိုတာ ဒီရာသီ သူ့ရဲ့ စွမ်းဆောင်ရည်တွေက သက်သေထူနေပါတယ် ။ ဒါပေမယ့် ဒီလို ယုံကြည်မှုမျိုး ၊ မာန်မာနမျိုးနဲ့ ရောက်လာဖို့ကျ မလွယ်ပါဘူး ။ ”

” ဒီနေ့မှာ သူ့အတွက် နောက်ထပ် ခြေစွမ်းကောင်း တခု ပြသနိုင်လိုက်သလိုပါပဲ ။ ဝင်ဘလေ ၊ မြင့်မားတဲ့ ဖိအား ၊ မန်စီးတီးနဲ့ ကစားရတာ ဖြစ်ပေမယ့် သူဟာ ထိပ်တန်းအဆင့် စွမ်းဆောင်ပြခဲ့တယ် မဟုတ်လား ? ဒီလောက်ထိ ခပ်မြန်မြန် အသားကျနေတာကိုက အံ့သြဖွယ်ပါ ။ ချဲလ်ဆီးနဲ့ အင်္ဂလန် အတွက် သူ ဘယ်လောက်ထိ စွမ်းဆောင်ပြဦးမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR