မန်စီးတီးနဲ့ ပွဲမှာ ဂရီးလစ်ရ်ှရဲ့ လက်ထိဘောကို ပင်နယ်တီ အဖြစ် ခွင့်မပြုခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ပွဲအပြီးမှာ ပိုချက်တီနို ဘာပြောခဲ့သလဲ ?

ချဲလ်ဆီး အသင်းဟာ မနေ့ညက ဝင်ဘလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီး အသင်းကို အခွင့်အရေးကောင်း အသာစီး ရလျက်နဲ့ အသုံးမချနိုင်ခဲ့တာကြောင့် ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ဘာနာဒိုဆေးလ်ဗားရဲ့ တလုံးတည်းသော ဂိုးကြောင့် ပြိုင်ပွဲက နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ် ။

ဒါဟာ ချဲလ်ဆီး အတွက် ဆုဖလား ရနိုင်တဲ့ တခုတည်းသော နောက်ဆုံး လက်ကျန် အခွင့်အရေး ဖြစ်ခဲ့ပေမယ့် ၊ အခုအခါမှာတော့ ခြင်္သေ့ပြာတို့ဟာ နောက်ဆုံး ၃နှစ်ဆက် ဖလားလက်မဲ့ အနေအထား ကြုံလိုက်ရပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဆီက အပိုင်အခွင့်အရေး ၃ကြိမ် ဖြုန်းတီးမှု ကြုံခဲ့ရရုံမက ၊ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာရဲ့ ဆုံးဖြတ်ချက် တကြိမ်ကလည်း ၄င်းတို့ကို မျက်နှာသာ မပေးခဲ့ပါဘူး ။

ဒုတိယပိုင်းရဲ့ အစောပိုင်း မိနစ်တွေမှာ ကိုးလ်ပါလ်မာရဲ့ တိုက်ရိုက် ဖရီးကစ်ဟာ Wall ကာနေတဲ့ စီးတီး တောင်ပံကစားသမား ဂျက်ဂရီးလစ်ရ်ှရဲ့ လက်ကို သိသိသာသာ ထိခဲ့ပေမယ့် အိုလီဗာဟာ ကိုယ်တိုင် ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ရုံမက ၊ VAR မှလည်း ထိုအခြေအနေ အပေါ် မျက်ကွယ်ပြုခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ဒီအခြင်းအရာအပေါ် မယုံနိုင်ဖြစ်ခဲ့ရသလို ၊ ပွဲအပြီးမှာလည်း အိုလီဗာထံ သွားကာ ၊ စကားစမြည် ပြောခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ယင်းအာဂျင်တိုင်းသားက အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် မသိပါဘူး ။ ခင်ဗျားတို့က ပိုပြီး ကောင်းတဲ့ မြင်ကွင်းမျိုး မြင်ခဲ့ရမှာပေါ့ ။ ကွင်းဘေးစည်းကနေတော့ ဒါက ပင်နယ်တီ ဟုတ်မဟုတ် မြင်ဖို့ ခက်ပါတယ် ။ ပွဲပြီးတော့ ကျွန်တော် ကွင်းလယ်ဒိုင်ကို စကားသွားပြောခဲ့တာပါ ။ ဘာလို့လဲဆိုတော့ ဂျေဆုစ် ( ပီရက်ဇ် ) ( လက်ထောက် မန်နေဂျာ ) နဲ့ ကျွန်တော့ အဖွဲ့က ဒါ ပင်နယ်တီလို့ ပြောခဲ့လို့ပါ ။ ”

” ကျွန်တော် သူ့ကို ပြောခဲ့တာက ‘ ဘာလို့ ကွင်းဘေးက တီဗွီမှာ ပင်နယ်တီ ဟုတ်မဟုတ် မစစ်ဆေးခဲ့တာလဲ ‘ ဆိုတာပါ ။ ကျွန်တော် မြင်ခဲ့တဲ့ ပုံစံအရဆိုရင် သူ ခေါင်းငြိမ့်ပြီး ပြောတာကြောင့် ဒါက ပင်နယ်တီ ဖြစ်ကောင်းဖြစ်ခဲ့မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို မေ့ပြီး ရှေ့ဆက်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရတော့မှာ ဖြစ်ပေမယ့် ၊ ပရီးမီးယားလိဂ်မှာတော့ ယူရိုပါလိဂ် ဝင်ခွင့် တနေရာ အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ကျန်နေပါသေးတယ် ။ ကြားရက်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ဆင်နွှဲဖို့ ရှိပါတယ် ။

ဒီအကြောင်း အပေါ် ပိုချက်တီနို က ” အခုတော့ ကျွန်တော်တို့ဟာ လာမယ့် အင်္ဂါနေ့မှာ အရမ်းကောင်းတဲ့ အသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတော့မှာပါ ။ ကျွန်တော်တို့ ဒီအတွက် အသင့်ဖြစ်နေဖို့ လိုပါတယ် ။ မန်စီးတီးလို ပျော်ရွှင်နေဖို့ အချိန်မရပါဘူး ။ အင်္ဂါနေ့ ပွဲအတွက် ပြန်နာလန်ထူအောင် လုပ်ရပါမယ် ။ လက်ရှိ ပုံစံလေးအတိုင်း ကျွန်တော်တို့ တိုးတက်နေတာကို ကျွန်တော် ဝမ်းမြောက်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR