မန်စီးတီးကို အရေးနိမ့်ခဲ့အပြီး ချဲလ်ဆီး အဆင့်အတန်းမျိုး မရှိတဲ့ စတား တဦး အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ပွဲပြီးခါနီးမှာ ပေးခဲ့ရတဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးဟာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ၊ အဆုံးသတ် စွမ်းရည် ညံ့ဖျင်းခဲ့ပါတယ် ။

အထူးသဖြင့် အထောင်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာ အပိုင် အခွင့်အရေး ၃ကြိမ် အထိ ရခဲ့ပေမယ့် ၊ စီးတီး အရန်ဂိုးသမား စတက်ဖန် အော်တေဂါကို မကျော်နိုင်ခဲ့ပါဘူး ။ ဒါဟာ ချဲလ်ဆီးကို အထူး နစ်နာစေခဲ့ပြီး ၊ ၄င်းရဲ့ ဖြုန်းတီးမှုတွေက ခြင်္သေ့ပြာတို့ကို ပွဲအပြီးမှာ ပေးဆပ်မှု ကြီးမားသွားစေခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်က ဂျက်ဆင်ဟာ ချဲလ်ဆီးမှာ ကစားဖို့ လုံလောက်တဲ့ အဆင့်အတန်းမျိုး မရှိသေးကြောင်း ယူဆနေကာ ၊ ၄င်းရဲ့ အသက်အရွယ် ငယ်ရွယ်မှုကြောင့် ခံစားပေးလို့ ရပေမယ့် ၊ အပိုင်အခွင့်အရေး လွဲချော်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ် ။

BBC Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ လမ်းပတ် က ” သူ့အတွက် ခြေစွမ်း နုံချာတဲ့ နေ့တနေ့ပါပဲ ။ ချဲလ်ဆီး အတွက်တော့ ဒီလို ပုံစံမျိုး ကြုံနေရတာ ဒီတရာသီလုံးပါပဲ ။ ပွဲမစခင်တုန်းက ချဲလ်ဆီးဟာ ဒီရာသီ အဆင့် ၄ ပတ်ချာလည်လောက်မှာ ရပ်တည်နေသင့်တယ်လို့ ပိုချက်တီနို ပြောတာ ကျွန်တော် ကြားခဲ့ပါသေးတယ် ။ ဒါပေမယ့် ဒါက ဂိုးရနိုင်ခြေ အနေအထားတွေနဲ့ ယှဉ်ပြီး ပြောလို့ပါ ။ ”

” ဒီနေ့မှာ ဂျက်ဆင်ဟာ အတော်လေး အံ့သြဖွယ်ကောင်းတဲ့ ဂိုးသွင်းခွင့် ၃ကြိမ် ရခဲ့ပါတယ် ။ ၂လုံးက ဂိုးသမားနဲ့ တယောက်ချင်း အနေအထား ၊ သူဟာ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေမယ့် ပုံစံမျိုးမှာ နေရာ မယူနေခဲ့ပါဘူး ။ ဆုံးဖြတ်ချက် အမှားတွေ ချခဲ့ပါတယ် ။ ”

” ကောင်းမွန်တဲ့ ပါးနပ်မှုရှိတဲ့ ပြေးလွှားကစားပုံတွေ ပြသခဲ့ပေမယ့် သူဟာ ဘယ်တော့မှ သက်တောင့်သက်သာ ရှိမနေခဲ့ပါဘူး ။ ဒီဂိုးသွင်းခွင့်တွေက တကယ် လုံးဝ အပိုင်အလုံးတွေပါ ။ ဘောလုံးကို သူ့ခြေထောက်ထဲက ရွှေ့လိုက်တဲ့ပုံ လုံးဝ မပေါ်ခဲ့ပါဘူး ။ သူ့အတွက် ကြီးကျယ်တဲ့ အခွင့်အရေး ၃ကြိမ်ပါ ။ ”

” ကျွန်တော် သူ့အတွက် နည်းနည်းတော့ ခံစားခဲ့မိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကောင်းမွန်တဲ့ ရွေ့လျားကစားပုံ အများအပြား စွမ်းဆောင်နိုင်ခဲ့လို့ပါ ။ သူဟာ ငယ်ရွယ်တဲ့ တိုက်စစ်မှူး တယောက်ပါ ။ ဒီနေ့ပွဲမှာ သူ့ရဲ့ အားသာချက်တွေ အားလုံး ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် ။ ”

” ကိုင်လ်ဝေါ်ကာကို သူ တဦးချင်း အပြေးပြိုင်နိုင်ခဲ့တာမျိုးမှာဆို သူ့ရဲ့ အပြေးအား ၊ ရွေ့လျားပုံကောင်းတွေ ပြသနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် နည်းစနစ် အသေးစိတ်ကျပုံတွေ လိုနေခဲ့တာပါ ။ အပိုထိချက်မျိုးတွေ ၊ အဆင့်အတန်း အမြင့်မားဆုံး ပြိုင်ပွဲမှာ စွမ်းဆောင်ရည် အဆင့် အမြင့်ဆုံး ပြသနိုင်ဖို့ ဆိုတာတွေက ခြားနာချက်တွေပါ ။ ”

” သူရခဲ့တဲ့ ဂိုးတိုက်ခွင့်မှာဆို ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုပဲ ထိထိ ဒါက ဂိုးတဂိုးပါပဲ ။ အသေးအဖွဲ အရာတွေမှာ ဆုံးဖြတ်ချက် ချတဲ့ ကဏ္ဍမျိုးမှာပေါ့ ။ ကျွန်တော် သူ့အတွက် ခံစားမိပါတယ် ။ ကျွန်တော်တို့ အားလုံး ဒီလို အခြေအနေမျိုး ရောက်ဖူးကြတာချည်းပါပဲ ။ ”

” အခွင့်အရေး အမျိုးမျိုး ကျွန်တော်တို့ လွဲဖူးကြပါတယ် ။ လွဲခဲ့တာက ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ အခွင့်အရေးမျိုးတွေပါ ။ ဒါပေမယ့် ချဲလ်ဆီးမှာ ပွဲထွက် တိုက်စစ်မှူး တယောက် ဖြစ်ဖို့ဆိုရင် လူငယ် ကစားသမား ဖြစ်လင့်ကစား ၊ ဒါက ခင်ဗျားမှာ ရှိနေရမယ့် ခြေစွမ်း အဆင့်အတန်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR