ရီးရဲလ်မက်ဒရစ် လိုဂိုကို နမ်းခဲ့တာနဲ့ ချဲလ်ဆီး ပရိသတ်တွေ သူ့ကို boo လုပ်ခဲ့ကြတာတွေ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ ကော်တွိုက်စ်

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ်ဟာ တမြန်နေ့ညက အသင်းဟောင်း ချဲလ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းသို့ ပြိုင်ဖက် အနေနဲ့ တတိယအကြိမ်မြောက် ပြန်ရောက်လာခဲ့ပါတယ် ။

ဒီတကြိမ်မှာတော့ ကော်တွိုက်စ်ဟာ Clean Sheet နဲ့ မက်ဒရစ်သို့ ခေါင်းမော့ ရင်ကော့ပြီး ပြန်သွားနိုင်ခဲ့သလို ၊ ပထမပိုင်းမှာ Los Blancos တို့ အတွက် ဟီးရိုး ဖြစ်ခဲ့ပါတယ် ။ ၂၀၁၈ နွေရာသီ စျေးကွက်မှာ အသင်းကို ကလန်ကဆန်လုပ်ကာ မက်ဒရစ်ဆီ ပြောင်းရွှေ့သွားတာကြောင့် ၄င်းအပေါ် ချဲလ်ဆီး ပရိသတ်တွေရဲ့ အမုန်းတရားက မလျော့ကျသေးပါဘူး ။

ထိုပွဲမှာ ကော်တွိုက်စ် ဘောလုံး ထိတဲ့အကြိမ်တိုင်းကို ကွင်းတွင်းရှိ ချဲလ်ဆီး ပရိသတ်များက အကြီးအကျယ် boo လုပ်ခဲ့ကြပါတယ် ။ ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကော်တွိုက်စ်က ခုထက်ထိ ချဲလ်ဆီး ပရိသတ်တွေ သူ့ကို အခဲမကြေသေးတဲ့ အတွက် စိတ်မကောင်းဖြစ်မိကြောင်း အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ကော်တွိုက်စ် က ” ဒါက အိုကေပါတယ် ။ ကျွန်တော် အရင်က ပြောဖူးသလိုပါပဲ ။ ဒါက စိတ်မကောင်းစရာ တခုသာ ဖြစ်ပါတယ် ။ ဒီမှာ ကျွန်တော် လှပတဲ့ ၄နှစ်တာ ကာလ ဖြတ်သန်းခဲ့ပါတယ် ။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ကျွန်တော့ အပေါ်မှာ ချဲလ်ဆီးရဲ့ ကျေးဇူးတွေ အများကြီး ရှိပါတယ် ။ ”

” ဒီတော့ အခုလိုမျိုး ထပ်ဖြစ်ရတာက စိတ်မကောင်းစရာ တခုသာ ဖြစ်ပါတယ် ။ ဒါပေမယ့် ၅နှစ်ကျော် ကြာခဲ့ပါပြီ ။ အခြေအနေက ဒီအတိုင်းပဲ ဆက်သွားနေဦးမယ်ဆိုရင် ကျွန်တော်ဟာလည်း ကိုယ့်ရဲ့ အမူအကျင့်ကို ပြောင်းလဲမှာ မဟုတ်သလို ၊ သွင်းဂိုးတွေကို အောင်ပွဲခံတာနဲ့ တခြား အရာအားလုံးကို လုပ်ဆောင်သွားပါမယ် ။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ကိုယ်ပိုင် အမူအကျင့်ကို ပြောင်းလဲမှာ မဟုတ်လို့ပါ ။ ”

” အဆုံးမှာတော့ ကျွန်တော် သူတို့ အတွက် ဆုမွန်ကောင်း တောင်းပေးနေဆဲပါပဲ ။ ဒီက ဆေးအဖွဲ့နဲ့ ကြံ့ခိုင်ရေး အဖွဲ့တွေမှာ မိတ်ဆွေတွေ အများကြီး ကျန်နေတုန်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ကော်တွိုက်စ်ဟာ ထိုပွဲရဲ့ ပထမပိုင်းခါနီး မာ့ခ်ကူကူရယ်လာရဲ့ အနီးကတ် အဆုံးသတ်ကို အံ့အားသင့်ဖွယ် လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ကော်တွိုက်စ် က ” ဒီကာကွယ်မှုက ကျွန်တော့ရဲ့ အကောင်းဆုံးတွေထဲက တခုလား ? သေချာတာပေါ့ဗျာ ။ အတိုဖြတ်တင်ဘော ပင်နယ်တီ ဧရိယာထဲ ရောက်လာချိန် ဂိုးတိုင် ရှေ့နားမှာ ရှိနေတဲ့သူ ၊ ဒါမှမဟုတ် ပင်နယ်တီ ဧရိယာ အလယ်မှာ ရှိနေတဲ့သူက ဂိုးသွင်းမလား ဆိုတာ ခင်ဗျား အရင်ခဏ စောင့်ရပါမယ် ။ ”

” အဲဒီနောက် ခင်ဗျားက မြေပြင်နဲ့ ထိတဝက် မထိတဝက် ဖြစ်နေတဲ့အချိန်မှာ ဒီအခြေအနေ ဖြစ်ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော် ခပ်မြန်မြန်ပဲ ခုန်လိုက်ပြီး ၊ ကူကူရယ်လာ ခြေထဲမှာ ဘောလုံး ရောက်လာတာကို ကျွန်တော် မြင်လိုက်ပါတယ် ။ သူကန်မယ့်နေရာမှာ ကိုယ်ရှိနေကြောင်း တတ်နိုင်သလောက် ပြပြီး ခြေထောက်နဲ့ ဂိုးတိုင်နားကို ကာလိုက်ပါတယ် ။ ကျန်တဲ့တဖက်မှာတော့ လက်နဲ့ ခန္ဓာကိုယ်ပေါ့ ။ ဒါက ကောင်းမွန်တဲ့ ၊ အရေးကြီးတဲ့ ကာကွယ်မှု တခု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR