ရီးရဲလ်မက်ဒရစ်ရဲ့ အနာဂတ် Ballon D’Or ဆုရှင်ရဲ့ အမည်ကို ပြောပြလာတဲ့ ဖလော်ရင်တီနို ပီရက်ဇ်

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲမှာ ဘီလ်ဘာအို အသင်းကို ဘရာဇီး လက်ရွေးစင် တောင်ပံကစားသမား ရိုဒရီဂိုရဲ့ ဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ အမှတ်ပေးဇယားကို သက်တောင့်သက်သာ ဦးဆောင်ထားဆဲ ဖြစ်သလို ၊ ချန်ပီယံဆုနဲ့လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ အားထားရတဲ့ တောင်ပံကစားသမား ဗင်နီးဆီးယပ်စ် ဂျူနီယာ မပါဝင်နိုင်ခဲ့ပေမယ့် ၊ ရိုဒရီဂိုဟာ ၄င်းရဲ့ နေရာမှာ အကောင်းဆုံး အစားဝင်ကာ ၊ ညာတိုက်စစ်ခြမ်းသို့ ထွက်ကစားပြီး ၊ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာတဲ့ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်နဲ့ အတွဲအဖက်ညီညီ ကစားပြနိုင်ခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်ကတော့ အသက် ၂၃နှစ် အရွယ်ရှိ ယင်းဘရာဇီးသားနဲ့ ပတ်သက်ပြီး Defensa Central နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ” ( အနာဂတ်မှာ ) သူ Ballon D’Or ဆု ရပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီကလည်း ပွဲအပြီး Real Madrid TV နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရိုဒရီဂို ညာတိုက်စစ်မှူး နေရာမှာ ပြောင်းလဲ ကစားခဲ့ခြင်းနဲ့ ပတ်သက်ကာ အခုလိုပဲ ရှင်းလင်းသွားပါတယ် ။

အန်ဆယ်လော့တီ က ” ကြည့်ရတာ သူဟာ တခြား နေရာတွေထက် ဒီနေရာမှာ ကစားရတာ ပိုပြီး သဘောကျကောင်း ကျတဲ့ပုံပါပဲ ။ ဒီနေရာမှာ သူ ကစားတာက ဗင်နီနဲ့ သူ့ကို အချိတ်အဆက် ပိုမိစေသလို ၊ သူတို့ဟာ အခုကတည်းက နားလည်မှု ပြည့်ဝနေပြီးသားပါ ။ သူဟာ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရိုဒရီဂိုဟာ ဒီရာသီ Los Blancos တို့ အတွက် လာလီဂါ သွင်းဂိုး ၁၀ဂိုး သွင်းယူထားကာ ၊ ၅ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း အန်ဆယ်လော့တီက ရိုဒရီဂို ညာတောင်ပံမှာ ခြေစွမ်းပြနေလို့ အမှတ်မှားမနေသင့်ပဲ ၊ ၄င်းဟာ တိုက်စစ် နေရာစုံမှာ ကစားနိုင်ကြောင်း ထပ်ဆောင်း ချီးကျူးသွားပါတယ် ။

အန်ဆယ်လော့တီ က ” သူ ကစားတာ အရမ်းကောင်းခဲ့ပါတယ် ။ သူဟာ ဒီပွဲမှာ အဓိက ကွာခြားမှုကို ဖြစ်စေပြီး ၊ စောစောစီးစီးပဲ ဂိုးသွင်းယူပေးခဲ့ပါတယ် ။ သူ့ရဲ့ ကစားပုံတွေကို ကြည့်ရင် သူ့မှာ တကယ် မြင့်မားတဲ့ အရည်အသွေးတွေ ရှိနေတာ သိနိုင်ပါတယ် ။ ဒါဟာ သူ လက်ရှိ လုပ်ပြနေတဲ့ အရာပါပဲ ။ ”

” အခုတော့ ခင်ဗျားတို့ဟာ သူ ဘယ်အခြမ်းမှာ ကစားတာ ပိုကောင်းတယ်လို့ ခံစားရတဲ့ အကြောင်း ပြောနေကြပါပြီ ။ ဒါပေမယ့် သူဟာ နေရာတိုင်းမှာ စွမ်းဆောင်ပေးနိုင်ပါတယ် ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ သူဟာ ညာတောင်ပံကနေပဲ ၂ဂိုး သွင်းယူပေးခဲ့ဖူးတာကို ခင်ဗျားတို့ မမေ့ကြပါနဲ့ဦး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR