အကြွေးပြန်ဆပ်လိုက်တဲ့ အသင်းကြီးများ ၊ အခြေအနေကောင်းလာတဲ့ အင်ဒို

 

 

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန်မှာ ထိပ်တန်း အသင်းကြီးတွေကို ခံကစားပြီး သရေရလဒ်တွေ ရယူနိုင်ခဲ့ကြလို့ ဝမ်းသာပျော်ရွှင် နေကြတဲ့ အာဆီယံ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ကတော့ မနေ့ညက ရလဒ်တွေအပေါ် စိတ်ပျက်ခဲ့ကြမှာပါ ။ ဆီးရီးယား ၊ တောင်ကိုရီးယား နဲ့ တရုတ် အသင်းတွေကို သရေ ကစားနိုင်ခဲ့ကြတဲ့ မြန်မာ ၊ ထိုင်း နဲ့ စင်္ကာပူ တို့ဟာ မနေ့ညက ကစားခဲ့တဲ့ နောက်တကျော့ ပွဲတွေမှာတော့ မရှုမလှ အရေးနိမ့်ခဲ့ကြပါတယ် ။

တောင်ကိုရီးယား ဟာ သူတို့မြေပေါ်မှာ သရေ လာကစားသွားတဲ့ ထိုင်းကို အရှေ့တောင် အာရှမြေပေါ်မှာ လက်စား ပြန်ချေခဲ့ပြီး ၃-၀ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ တရုတ်ကတော့ စင်္ကာပူ မြေပေါ်မှာ သရေကျခဲ့မှုကို သူတို့မြေ ၊ သူတို့ကွင်း ၊ သူတို့ ပရိသတ်တွေ ရှေ့မှာ ၄ ဂိုးသွင်းပြီး ပြန်အစားပေးခဲ့ပါတယ် ။ ဆရီးယား ကတော့ ကြားကွင်းမှာ ကစားရတာ ဆိုပေမယ့် မြန်မာ ကို ညှာတာမှု မပေးဘဲ ၇-၀ နဲ့ အပြတ်ကျိတ်သွားခဲ့ပါတယ် ။

 

ဒီတကျော့မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးက ဗိယက်နမ် နဲ့ အင်ဒိုနီးရှား ပွဲစဉ်ပါ ။ အိမ်ကွင်းမှာတုန်းက ၁-၀ နဲ့ ကပ်နိုင်ခဲ့တဲ့ အင်ဒို ဟာ ဗိယက်နမ် မြေပေါ်မှာ အိမ်ရှင်အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ထပ်ကစားခဲ့ ပါတယ် ။ ဒီရလဒ်ကြောင့် အင်ဒိုနီးရှား ဟာ အုပ်စု F မှာ ဗိယက်နမ် ကို ၄ မှတ်ဖြတ်ပြီး ဒုတိယနေရာကို သိမ်းပိုက် နိုင်ဖို့ အလားအလာ ကောင်းသွားခဲ့ပါပြီ ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် ရဲ့ ဒုတိယအဆင့် ခြေစစ်ပွဲမှာ အုပ်စု ၉ ခု ပါဝင်နေပြီး အုပ်စု ၁ ခုစီက ပထမ နဲ့ ဒုတိယ ၂ သင်းဟာ တတိယအဆင့်ကို တက်လှမ်းကြမှာပဲ ဖြစ်ပါတယ် ။ တတိယအဆင့်မှာတော့ ၆ သင်းပါ အုပ်စု ၃ ခုနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အုပ်စု တစ်ခုစီက ပထမနဲ့ ဒုတိယ ၂ သင်း ( စုစုပေါင်း ၆ သင်း ) ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိကြမှာ ဖြစ်ပါတယ် ။

 

အဆိုပါ တတိယအဆင့် အုပ်စု ၃ ခုမှာ တတိယ နဲ့ စတုတ္ထ ရရှိကြမယ့် အသင်း ၆ သင်းကတော့ ခြေစစ်ပွဲ စတုတ္ထ အဆင့်အဖြစ် ဆက်လက် ယှဉ်ပြိုင် ကစားကြရဦးမှာပါ ။ စတုတ္ထအဆင့်မှာလည်း ၃ သင်းပါ အုပ်စု ၂ ခု နဲ့ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး အုပ်စု တစ်ခုစီက ပထမရမယ့် အသင်း ၂ သင်းဟာ ခြေစစ်ပွဲ အောင်မြင်ကြမှာဖြစ်ပါတယ် ။ အုပ်စု ဒုတိယ ၂ သင်းကတော့ အိမ်ကွင်းအဝေးကွင်း ယှဉ်ပြိုင် ကစားပြီး အနိုင်ရရှိမယ့် အသင်းဟာ အင်တာ ကွန်တီနင်တယ် ခြေစစ်ပွဲ အဖြစ် မြောက်အမေရိက နိုင်ငံ တနိုင်ငံ နဲ့ နောက်ဆုံးအဆင့် ခြေစစ်ပွဲ ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

အုပ်စု ပွဲစဉ် ၄ အပြီးမှာတော့ အာဆီယံ ၆ နိုင်ငံထဲက အင်ဒိုနီးရှား ၁ သင်းသာ တတိယအဆင့်အထိ တက်လှမ်း နိုင်ဖို့ အခြေအနေ ကောင်းနေပြီး ထိုင်း ၊ မလေးရှား နဲ့ ဗိယက်နမ် တို့ကတော့ လက်ကျန် ၂ ပွဲမှာ အထူးကြိုးစား ရတော့မှာပဲ ဖြစ်ပါတယ် ။