ရီးရဲလ်မက်ဒရစ် စတား ၂ဦးကို ခေါ်ယူကြည့်ဖို့ ချဲလ်ဆီးထံ တိုက်တွန်းသွားတဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်းဟာ လက်ရှိ အမေရိကန် ပိုင်ရှင်တွေ လက်ထက်မှာ ကစားသမားသစ် ခေါ်ယူမှု ပေါ်လစီကို လုံးဝ ပြောင်းလဲထားပြီး ၊ အသက် ၂၁နှစ် အရွယ်နဲ့ ထိုထက် ငယ်ရွယ်တဲ့ လူငယ် ကစားသမားတွေကိုသာ အဓိက ဦးစားပေး ခေါ်ယူ အားဖြည့်နေတာကို တွေ့ရပါတယ် ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ခု အတွင်း ချဲလ်ဆီးဟာ ဥရောပ တလွှားမှ အတွေ့အကြုံရင့် ထိပ်တန်း ကစားသမားကောင်း တချို့ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် ၊ ထိုကဲ့သို့ ကစားသမား တဦးတယောက်ကိုမှ ချဉ်းကပ်ခဲ့ခြင်း မရှိပါဘူး ။

ဒီရာသီ ချဲလ်ဆီးရဲ့ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အနိမ့်အမြင့် အတက်အကျ မကြာခဏ ဖြစ်နေရခြင်းဟာ အတွေ့အကြုံရှိ ကစားသမား အလုံအလောက် မရှိခြင်း ၊ ဦးဆောင်နိုင်တဲ့ ကစားသမား အရေအတွက် မရှိသလောက် နည်းနေခြင်းတွေကြောင့် တချို့က ထင်မြင်ယူဆကြပါတယ် ။

ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဂျိုကိုးလ်က အတွေ့အကြုံရင့် ကစားသမား အနည်းငယ်ကို လာမယ့် နွေရာသီ စျေးကွက် အတွင်း အားဖြည့်စေချင်ကြောင်း အသင်းဟောင်းထံ အကြံပြုရင်း ၊ ထိုကစားသမားတွေကြောင့် အသင်းအပေါ် ဘာအကျိုးသက်ရောက်မှုတွေ ရှိစေမလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းလာပါတယ် ။

Talksport နဲ့ တွေ့ဆုံရာမှာ ဂျိုကိုးလ် က ” ဒါက အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်သာ ဘုတ်အဖွဲ့ကို အကြံပေးခွင့် ရရင် အခု ကျွန်တော်တို့ ခေါ်ထားတဲ့ လူငယ်ခြေတက်တွေ ၊ သူတို့ အတွက် ငွေသုံးစွဲခဲ့တာတွေ ၊ သူတို့တွေက ဒီထက် ပိုကောင်းလာမှာ ၊ ကောင်းတယ် ၊ ကျွန်တော်တို့ တိုးတက်လာဦးမယ်လို့ ပြောမှာပါ ။ ”

” ဒါပေမယ့် အရည်အသွေးကောင်းတဲ့ ၊ အတွေ့အကြုံရင့် ကစားသမား တချို့နဲ့ ဒီချာတိတ် အုပ်စု လာမယ့် နှစ်အနည်းငယ် အတွင်း တိုးတက်လာစေဖို့ ကျွန်တော်တို့ ဘာကြောင့် နှမ်းမဖြူချင်ရတာလဲ ? သူတို့ ပွဲတိုင်း ကစားဖို့ မလိုပါဘူး ။ ဒါပေမယ့် သူတို့ဟာ အသင်းကို အကူအညီ ပေးနိုင်ပါတယ် ။ ”

” သူတို့ ဒီကို လာပြီး ဒီအသင်းရဲ့ အဆင့်အတန်းကို တည်ဆောက်ပေးနိုင်ပါတယ် ။ ဒါက ကလပ် တသင်းလုံး အနေနဲ့ ကြည့်ရင်လည်း အထောက်အကူ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ဒီခရီးက ဘယ်အထိ ရောက်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂျိုကိုးလ်က သူ့အနေနဲ့ ဒီရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ သေချာသလောက် ဖြစ်နေတဲ့ ခရိုအေးရှား လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်နဲ့ ဒီ international break မှာ ဂျာမန် လက်ရွေးစင် အသင်းအတွက် ပြန်လည် ပါဝင်လာတဲ့ ဝါရင့် ကွင်းလယ်လူ တိုနီ ကရူးစ်တို့ကို ခေါ်ယူဖို့ ကြိုးစားမယ့် အကြောင်း အခုလို ဖွင့်ဟလာပါတယ် ။

ဂျိုကိုးလ် က ” ကျွန်တော်သာဆိုရင် တချို့သော အတွေ့အကြုံရင့် ကစားသမား တချို့ ထပ်ဖြည့်ဖို့ ရှာဖွေကောင်း ရှာဖွေမှာပါ ။ လူကာ မိုဒရစ် ပရီးမီးယားလိဂ်မှာ တနှစ်လောက် ပြန်လာပြီး ကစားချင်သေးလား ? သူဟာ ရီးရဲလ်မက်ဒရစ်မှာ ဟိုနည်းနည်း ဒီနည်းနည်း လုပ်နေနိုင်တုန်းပါပဲ ။ ”

” ကာမာဗင်ဂါ ၊ ချူဝါမန်နီ ၊ ဗယ်ဗာဒီတို့ သူ့ကြောင့် ဘယ်လောက်ထိ အထောက်အကူ ဖြစ်ခဲ့ကြလဲ ? သူဟာ ကစားသမားတွေ အပေါ် ဒီလောက်အထိ လွှမ်းမိုးနေနိုင်တာပါ ။ တိုနီ ကရူးစ်ဆို ၃၄နှစ် ရှိနေပေမယ့် ၊ ဒီအသက်အရွယ်မှာ သူ့ကိုယ်သူ ပရီးမီးယားလိဂ်မှာ စမ်းသပ်ခံချင်သေးလား ? ဒီကို လာပြီး လူငယ်အုပ်စု တခုကို ကူညီပေးချင်လားပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR