ဇာ‌ဗီ ရဲ့ နေရာ အစားထိုးဖို့ အတွက် ဘာစီလိုနာ အသင်း ခေါ်ယူသင့်တဲ့ နည်းပြ နှစ်ဦး ပြောကြားလိုက်တဲ့ ပီကေး

 

ဘာစီလိုနာ အသင်း ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ပီကေး က အာဆင်နယ် နည်းပြ အာတီတာ နှင့် မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ တို့ဟာ ဇာဗီ ရဲ့ နေရာ အစားထိုးဖို့ အတွက် အကောင်းဆုံးသော နည်းပြတွေ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

ဇာဗီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရာသီကုန်ကျရင် ဘာစီလိုနာ အသင်း နည်းပြ ရာထူးကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာ ခဲ့တာပါ ။ ဘာစီလိုနာ အသင်းမှာ ဇာဗီ နဲ့ အတူ ၇ ရာသီ ကစားခဲ့ဖူးတဲ့ ပီကေး ကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ရဲ့ဆုံးဖြတ်ချက် အပေါ် ” ရာနှုန်းပြည့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တော့ ကျနော်ကတော့ မထင်ပါဘူး ။ ”

” ရာသီကုန်ကျ ဘယ်လို ဖြစ်မလဲ တစ်ချက် ကြည့်ကြတာပေါ့ဗျာ ၊ သူ အသင်းမှာ ဆက်နေကောင်း နေနိုင်တယ်လို့လည်း ထင်ပါတယ် ၊ ဘာစီလိုနာ အသင်းကို နည်းပြမယ့်သူက ဘာစီအသင်း ရဲ့ ကစားပုံအကြောင်း ကောင်းကောင်းသိတဲ့သူ ဖြစ်ရပါမယ် ။ ဒါ‌ကြောင့် တခြားနည်းပြတွေက ဖြစ်နိုင်ချေ နည်းပါတယ်။ ”

” ဘာစီလိုနာ နည်းပြ ဇာဗီ ရဲ့ နေရာကို အစားဝင်နိုင်စွမ်း ရှိတဲ့ အထင်ရှားဆုံး နည်းပြ‌ကတော့ ဂွာဒီယိုလာ ပေါ့ဗျာ ။ သူက အသင်းမှာ အတိတ် သမိုင်းကြောင်း လည်း ရှိခဲ့သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြလည်း ဖြစ်ပါတယ် ။ နောက်တစ်ယောက်ကတော့ အာတီတာ ပေါ့ ။ ”

” သူကလည်း ဘာစီလိုနာ နည်းပြ နေရာအတွက် ကောင်းတဲ့သူပါ ။သူ ဘာစီလိုနာ အကြောင်း သိသလို အသင်း အတွက်လည်း ကစားပေးခဲ့ဖူးပါတယ် ။ ” ဂွာဒီယိုလာ တစ်ယောက် ဘာစီလိုနာ ကို ဒုတိယ အကြိမ် ထပ်မံ နည်းပြမယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်း အပေါ် ပီကေး က ” ဒီမေးခွန်းကတော့ သူ့ကို ကိုယ်တိုင် တိုက်ရိုက် သွားမေးမှပဲ အဖြေ သိရမှာပါ ။ ကျနော် သူနဲ့တော့ တခါတလေ စကားပြောဖြစ်ပါတယ် ၊ ပရိသတ်‌တွေလည်း သူ့ကို ဘာစီလိုနာ အသင်းမှာ ပြန်မြင်ချင်ကြမှာ အသေအချာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM