ဘရိုက်တန်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့ ချဲလ်ဆီးမှ အနာဂတ် အကြောင်း အရိပ်အမြွက် ဖွင့်ဟလာတဲ့ လူကာကူ

ယနေ့မနက်က ရောမမြို့မှာ ကစားခဲ့တဲ့ ရိုးမား – ဘရိုက်တန် ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲမှာ ရိုးမားတို့ ဘရိုက်တန်ကို ၄ဂိုးပြတ် ရလဒ်နဲ့ အနိုင်ယူကာ ၊ ကွာတားဖိုင်နယ် အဆင့်သို့ ခြေတဖက် လှမ်းထားနိုင်ပြီ ဖြစ်ပါတယ် ။

ထိုပွဲက ရိုးမားရဲ့ ဂိုးသွင်းရှင်တွေထဲမှာ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ယခင် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညို လက်ထက်မှာ သာမက ၊ လက်ရှိ နည်းပြ ဒန်နီယယ် ဒီရော့ဆီ လက်ထက်မှာပါ လူကာကူ တယောက် အထူး ခြေစွမ်းပြနေပြီး ၊ ပြိုင်ပွဲစုံ ၃၅ပွဲမှာ ၁၈ဂိုးသွင်း ၊ ၄ဂိုးဖန်တီးပေးထားပါတယ် ။

ပွဲအပြီး Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လူကာကူက မော်ရင်ညိုနဲ့ ဒီရော့ဆီ လက်ထက် ၂ခုမှာ ကစားပုံ ဘယ်လို ကွဲပြားသွားလဲ ဆိုတာ ရှင်းလင်းရင်း ၊ သူ့ကို အခွင့်အရေး ပြန်ပေးတဲ့ ရိုးမား အပေါ် ကျေးဇူးတင်သွားသလို ၊ ဒီရာသီ ၄င်းတို့ရဲ့ ပစ်မှတ်တွေကိုလည်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လူကာကူ က ” နည်းပြက ကျွန်တော့ကို ကွင်းလယ်မှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားခွင့် ၊ တွန်းအား ပေးပါတယ် ။ အခုတော့ ကျွန်တော်ဟာ နေရာလွတ်တွေကို ပိုပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားရပါတယ် ။ ဒီမတိုင်ခင်ကတော့ ကျွန်တော်ဟာ ဘောလုံး ထိန်းပြီး ကစားဖို့ ညွှန်ကြားခံခဲ့ရပါတယ် ။ ”

” ဒါဟာ အီတလီမှာ အထောင်တိုက်စစ်မှူး တဦးတည်းပုံစံနဲ့ ပထမဆုံး အကြိမ် ကစားရခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကောင်းကောင်းမွန်မွန် အထိုင်ကျနေပြီး ၊ ဒီရာသီ စီးရီးအေနဲ့ ယူရိုပါလိဂ်မှာ ကျွန်တော်တို့ ရောက်နိုင်သလောက် ရှေ့ထပ်ရောက်ဖို့ မျှော်လင့်ပါတယ် ။ ”

” ဒီရော့ဆီဟာ နေ့စဉ်နေ့တိုင်း တာဝန်အသစ်တွေ ယူဖို့ အကြောင်း ပြောပါတယ် ။ နောက်ပြီး သူဟာ ခင်ဗျား အနေနဲ့ ဒီပစ်မှတ်တွေဆီ ရောက်အောင် အကောင်းဆုံး ပေးဆပ်ဖို့လည်း ပြောပါတယ် ။ ထရိန်နင်တိုင်းဟာ စမ်းသပ်မှု တခု ဖြစ်ပြီး ၊ ကျွန်တော် ဒါကို ကြိုက်ပါတယ် ။ ဘာလို့လဲဆိုတော့ ကြီးကျယ်တဲ့ ကစားသမားတွေဟာ ဒီလို အစမ်းသပ်ခံကြလို့ပါ ။ ”

” ကျွန်တော်တို့မှာ စီးရီးအေရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့နဲ့ ဥရောပရဲ့ ရောက်နိုင်သလောက် အဆင့်အထိ ရောက်အောင် ကြိုးစားဖို့ ဆိုတဲ့ ပစ်မှတ်တွေ ရှိကြောင်း သူ ပြောခဲ့ပါတယ် ။ ဒီတော့ ကျွန်တော်တို့ရဲ့ လောင်စာတွေ ဘယ်တော့မှ ကုန်ခမ်းသွားလို့ မဖြစ်ပါဘူး ။ ”

” ဒါက မတူညီတဲ့ အတွေ့အကြုံ တရပ်ပါပဲ ။ ဒီကို ရောက်ရောက်ချင်း ပရိသတ်တွေ ဒီအသင်းကို ဘယ်လောက်ထိ ချစ်ကြတယ် ဆိုတာ ကျွန်တေ် တွေ့ခဲ့ရပါတယ် ။ ရက်ဒ်ဂျာ နိုင်ဂိုလန်ကို ကျွန်တော် ဖုန်းနဲ့ ဆက်သွယ်ခဲ့ပြီး ၊ သူက ကျွန်တော့ကို ဒီမှာ ဘယ်လိုမျိုး ပြုမူသင့်လဲ ဆိုတာ ကူညီပေးခဲ့ပါတယ် ။ ”

” မော်ရင်ညိုက ကျွန်တော့ကို ကူညီပေးသလိုမျိုး ၊ အခု ဒီရော့ဆီကလည်း ကူညီပေးနေပါတယ် ။ ရိုးမား အတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်ဖို့ ကြိုးစားသွားမှာပါ ။ ကျွန်တော့ရဲ့ အခြေအနေ အစစ်အမှန်ကို လူအများကြီး မသိကြပါဘူး ။ ဒီတော့ ရိုးမားကို ကျွန်တော် ကျေးဇူးတင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ လူကာကူဟာ ဒီတရာသီတည်းသာ မိခင်ကလပ် ချဲလ်ဆီးကနေ ရိုးမားကို အငှားနဲ့ ရောက်လာတာ ဖြစ်ပြီး ၊ ၄င်းအတွက် ရိုးမားဖက်က ချဲလ်ဆီးတို့ လက်ခံနိုင်မယ့် အပြီးသတ် ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းမှသာလျှင် လာမယ့် နွေရာသီ စျေးကွက် အတွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျကနေ အပြီးပိုင် စွန့်ခွာနိုင်မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ၂ရာသီ အတွင်း ချဲလ်ဆီးနဲ့ အင်္ဂလန်မှာ ပြဿနာ အမျိုးမျိုး ရှာခဲ့တာကြောင့် ဒီတကြိမ် အင်္ဂလန်ကို ပြန်လာရနိုင်သေးတဲ့ အနေအထားနဲ့ ပတ်သက်ပြီး လူကာကူ က ” အင်္ဂလန်မှာ ငြင်းခုံစရာတွေ ဖြစ်အောင် ကျွန်တော် မလုပ်ချင်သေးပါဘူး ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ပါးပါးနပ်နပ် ရှိရပါမယ် ။ ” လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR