နောက်ဆုံးရ အားကစား သတင်းများ

ဂျော်ဒန် ဟန်ဒါဆင် ရဲ့ ဆော်ဒီလိဂ်ကနေ ဥရောပ ပြန်လာမှုဟာ အခြားသော ကစားသမားတွေရဲ့ အသံတွေကိုပါ ပွင့်အံထွက်လာစေခဲ့ပါတယ် ။ အဲ့ဒီအထဲက တယောက်ကတော့ အိုင်းမရစ် လာပေါ့တ် ပါပဲ ။ ခရစ္စတီယာနို ရိုနယ်ဒို လို ရွှေဘောလုံး ၅ဆုရှင် ၊ မာနေး ၊ ဘရိုဇိုဗစ် တို့လို ထိပ်တန်းအသင်းဖော်တွေနဲ့အတူ တောင့်တင်းတဲ့ လူစာရင်းရှိတဲ့ အယ်လ်နက်ဆာ အသင်းမှာ ကစားနေရပေမယ့် လာပေါ့တ် ရဲ့ ရင်ထဲမှာတော့ အရာရာက မျှော်မှန်းထားသလို မဖြစ်နေခဲ့ပါဘူး ။

 

“ဥရောပနဲ့ ယှဉ်ရင် ဒီမှာ အရမ်းကို ကွာခြားပါတယ် ။ ဒီကအခြေအနေတွေက ကျွန်တော်တို့ကို မလွယ်ကူ စေခဲ့ပါဘူး ။ နေ့တိုင်း လေ့ကျင့်တဲ့ နေရာတွေ ၊ ပြောဆို ဆက်သွယ်တဲ့ နေရာတွေ ၊ စားသောက် သွားလာတဲ့ နေရာတွေမှာ စိတ်တိုင်းမကျဘူးလို့ ခံစားမိတဲ့ ကစားသမားတွေ အများကြီး ရှိခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အားလုံး အသားကျအောင် နေလိုက်ရတာပါပဲ”

 

“သူတို့ ( ဆော်ဒီကလူတွေ ) တွေ အတွက်လည်း ဒီလို ဥရောပ ကစားသမားတွေ အများကြီး ရောက်လာတာနဲ့ အသားမကျခဲ့ပါဘူး ။ သူတို့လည်း ကျွန်တော်တို့လိုပဲ အသားကျအောင် လုပ်ယူခဲ့ရတာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က ပိုပြီး လုပ်ခဲ့ရတာပေါ့” လို့ ၂၉ နှစ်သားက ထုတ်ဖော်ပြောဆို လာခဲ့ပါတယ် ။

 

ဆော်ဒီလိဂ် ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ခရစ္စတီယာနို ရိုနယ်ဒို ကို ခေါ်ယူအပြီးမှာ ဥရောပ ကစားသမား အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ၂၀၂၃ နွေရာသီမှာ ဘန်ဇီးမား ၊ နေမာ တို့လို စူပါစတားတွေ အပါအဝင် ကစားသမားကောင်း များစွာကို ခေါ်ယူနိုင်ခဲ့တာပါ ။ ဒါပေမယ့် ၆ လ အကြာမှာတော့ အဲ့ဒီအထဲက အချို့ ကစားသမားတွေဟာ ဥရောပကို ပြန်လာဖို့ စိတ်ကူးနေကြပါပြီ ။ ဂျော်ဒန် ဟန်ဒါဆင် ကတော့ ဒီစိတ်ကူးကို အကောင်အထည် ဖော်နိုင်ခဲ့သူ ဖြစ်လာခဲ့တာပါ ။

 

SPORTS MYANMAR