အမ်ဘတ်ပေ ပြင်သစ်လီဂူးဝမ်းမှာ အရန်ခုံသို့ အပို့ခံနေရခြင်း အပေါ် ဒေးဗစ် ဘက်ခမ်းနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်လာတဲ့ ကာပယ်လို

 

ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေဟာ ယခုနှစ် ရာသီကုန်တာနဲ့ free agent အဖြစ်နဲ့ ပဲရစ်မြေကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတိအလင်း ထုတ်ရှင်းထားပြီး ဖြစ်ပါတယ် ။

အမ်ဘတ်ပေ တယောက် နောက်ရာသီ ဘယ်ထိပ်သီးကလပ် တသင်းဆီ ရောက်မလဲ ဆိုတာ မသိရသေးပေမယ့် ၊ ရီးရဲလ်မက်ဒရစ်ကတော့ ၄င်းကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေဆဲ ဖြစ်ပါတယ် ။

ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရစ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်လောက်က စပြီး အမ်ဘတ်ပေကို နန့်တက်စ်နဲ့ ပြင်သစ်လီဂူးဝမ်းပွဲမှာ အရန်ခုံ ပို့ခဲ့ပါတယ် ။ ယနေ့ မနက် ရီးရဲလ်ဆိုစီဒက်နဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲ မတိုင်ခင်မှာလည်း အမ်ဘတ်ပေ တယောက် ရန်းနက်စ် ၊ မိုနာကိုတို့နဲ့ လီဂူးဝမ်းပွဲတွေမှာ ပွဲချိန်ပြည့် ကစားခွင့် မရခဲ့ပါဘူး ။

အင်းနရစ်ကတော့ ပီအက်စ်ဂျီ အနေနဲ့ အမ်ဘတ်ပေ မရှိတော့မယ့် လာမယ့် ရာသီ အတွက် အခုကတည်းက ကျင့်သားဖြစ်စေဖို့ ထိုကဲ့သို့ အသုံးပြုနေခြင်း ဖြစ်ကြောင်း ဖြေရှင်းထားပါတယ် ။

ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဖာဘီယို ကာပယ်လိုကတော့ အင်းနရစ်ရဲ့ အမြင်ကို သဘောမတူခဲ့ပဲ ၊ သူ့တုန်းက နာမည်ကျော် အင်္ဂလန်စူပါစတားဟောင်း ဒေးဗစ် ဘက်ခမ်းကို ပွဲတိုင်း သုံးခဲ့သလိုမျိုး အမ်ဘတ်ပေကိုလည်း သုံးသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ် ။

Sky Italia နဲ့ တွေ့ဆုံရာမှာ ကာပယ်လို က ” လူးဝစ် အင်းနရစ်ရဲ့ ယူဆချက်ကို ကျွန်တော် သဘောမတူပါဘူး ။ ကျွန်တော်သာဆို အမ်ဘတ်ပေကို ပွဲတိုင်း ပွဲထုတ်သုံးမှာပါ ။ ဘာလို့လဲဆိုတော့ ၉၅မိနစ် ရောက်နေတယ်ဆိုရင်တောင် သူဟာ တခုခု လုပ်ပြနိုင်စွမ်း ရှိလို့ပါ ။ ”

” နောက်ပြီး ကျွန်တော်ဟာ ကိုယ့်အသင်းမှာ ဒီလိုမျိုး ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို အလိုရှိပါတယ် ။ ဘက်ခမ်း အလှည့်တုန်းက ကျွန်တော် ဒီလိုပဲ လုပ်ခဲ့တာပါပဲ ။ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက ဘက်ခမ်းကို မသုံးတော့ဖို့ ကျွန်တော့ကို မှာခဲ့ဖူးပါတယ် ။ ”

” ဒါပေမယ့် နောက် ၁၀ရက်ကြာ လေ့ကျင့်ရေး အစီအစဉ်မှာ ကျွန်တော် ငြင်းဆန်ခဲ့ပြီး ‘ ကျွန်တော် သူ့ကို သုံးမယ် ၊ ကျွန်တော် ဖလားရခဲ့ရင် ကျွန်တော် ဆက်နေခွင့်ရှိမယ် ။ ကျွန်တော် ဖလား မယူပေးနိုင်ဘူးဆိုရင်တော့ ခင်ဗျားတို့ ကျွန်တော့ကို ရှင်းလိုက်လို့ ရပါတယ် ‘ လို့ ပြန်ပြောခဲ့ပါတယ် ။ ”

” ရာသီကုန်မှာ ကျွန်တော် လာလီဂါ ဆုဖလား ဆွတ်ခူးပေးခဲ့ပေမယ့် ၊ သူတို့ ကျွန်တော့ကို ရာထူးက ထုတ်ခဲ့တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပီအက်စ်ဂျီဟာ ယနေ့မနက်က ဆိုစီဒက်နဲ့ ပွဲမှာ အမ်ဘတ်ပေရဲ့ သွင်းဂိုး ၂ဂိုးနဲ့ အတူ ၂ကျော့ပေါင်း ရလဒ် ၄ – ၁ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR