ဂရင်းဝုဒ် ရှိနေတာက လိဂ် ဂုဏ်ကို ညှိုးနွမ်းစေသလား ၊ အင်္ဂလန်သားကို စပိန်မှာ ရှိစေချင်သလား ဆိုတာတွေကို ဖြေကြားလိုက်တဲ့ လာလီဂါ ဥက္ကဌ တိဗတ်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသက် 22 နှစ် အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မေဆွန် ဂရင်းဝုဒ်ဟာ ဒီရာသီ ဂီတာဖေး အသင်းမှာ အငှား ကစားနေခဲ့ပြီး စပိန်မြေမှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားနိုင်ခဲ့ပါတယ် ။

သူဟာ 2022 အောက်တိုဘာလတုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု​ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားခဲ့ရပြီး များမကြာမီိ ကာယကံရှင်မှ အမှုကို ပြန်ရုပ်သိမ်းခဲ့တဲ့အတွက် မြက်ခင်းစိမ်းပေါ်ကို တဖန် ပြန်လည် ရောက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ သူဟာ ခက်ခဲတဲ့ ရက်စွဲတွေကို ကျော်ဖြတ်ပြီး ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပေါ် ပြန်ရောက်အောင် ကြိုးစားပြထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ အခုတော့ လာလီဂါ ဥက္ကဌ တိဗတ်စ် က ဂရင်းဝုဒ် ကို ဒီမှာ ဆက်လက်ရှိစေလိုကြောင်း ၊ သူဟာ လိဂ် ဂုဏ်ကို ညှိုးနွမ်းစေသူ မဟုတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်က ရှေ့နေတစ်ယောက်ပါ ။ အကယ်လို့ တစုံတယောက်က အပြစ်မဲ့သူ တစ်ဦးကို တရားဝင် ခွင့်ပြုမိန့် နဲ့ လာတွေ့ရင် ကျွန်တော့်ဖက်က အများကြီး ပြောနေစရာတောင် ရှိမှာ မဟုတ်ပါဘူး ။ သူ (ဂရင်းဝုဒ်) ဟာ အပြစ်မဲ့သူ တစ်ဦးပဲလို့ ပြောလိုက်ရုံပါပဲ ”

” ပြီးတော့ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ ။ အခြေအနေ နဲ့ အချိန်အခါ တွေက သူ့ဖက်မှာ ရှိမနေခဲ့ရုံပါပဲ ။ သူဟာ ကစားသမား တစ်ဦး အဖြစ်နဲ့ ဂီတာဖေး အသင်းမှာ အကောင်းဆုံး လုပ်ပြနေနိုင်ခဲ့ပါတယ် ။ အခုလို သူဆက်ပြီး ရှေ့ဆက်နိုင်ဖို့ ၊ စပိန်မြေမှာ ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ”

” ဂုဏ်သတင်းဆိုတာ တရားဝင်ဖြစ်နေတဲ့ ကိစ္စရပ်တွေကို လေးစားသမှုထားခြင်းပါ ။ ကျွန်တော်က ရှေ့နေ တစ်ယောက်ပါ ။ သတင်းစာ ရှင်းလင်းပွဲတွေမှာ တစ်ယောက်ယောက််က သူ့ကို မဟုတ်မမှန်တဲ့ ကိစ္စတွေ မေးမှာကို လုံးဝ လက်သင့်ခံမှာ မဟုတ်ပါဘူး ”

” သူဟာ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သူမို့ ဆုံးဖြတ်ခဲ့တဲ့ ဥပဒေ အပေါ် ကျွန်တော်တို့ လေးစားရပါ့မယ် ။ တကယ််လို့ ဂရင်းဝုဒ် က အပြစ်မဲ့သူ ဖြစ်ပြီး ရှုတ်ချမှုတွေ မရှိရင် ဒီကိစ္စ ဆက်ပြောနေစရာကို မလိုတော့ပါဘူး ။ စပိန်မှာ အခြားကိစ္စတွေလည်း ရှိသေးတယ်လေ ”

” ခင်ဗျားတို့က အရာရာကို အကဲဖြတ်လို့ မရနိုင်ပါဘူး ။ ကျွန်တော်တို့ဖက်ကလည်း မင်းဒီမှာ ကစားလို့ မရဘူးလို့ သူ့ကို ပြောလို့မရပါဘူး ။ အကယ်လို့ တစုံတယောက် က တရားသေ လွတ်မြောက်ခဲ့ပြီဆိုရင် ခင်ဗျား သူ့ကို ဘာမှ ဆက်လုပ်လို့ မရနိုင်တော့ပါဘူး ” လို့ တိဗတ်စ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

စပိန်မြေ နဲ့ နေရာ အတော်များများမှာတော့ ဂရင်းဝုဒ် နဲ့ ပတ်သက်လို့ အထူးတလည် ပြောဆိုနေတာမျိုး မရှိတော့ပါဘူး ။ ဒါပေမဲ့ ပညာရှင်တွေ ပေါကြွယ်တဲ့ အင်္ဂလန်မြေမှာတော့ တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးသံတွေနဲ့ အတူ ဆူညံသံတွေ ကြားနေရဆဲပါပဲ ။

#SM