‘ သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်ပါ’ – စပါးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်စတားကို ချီးကျူးလိုက်တဲ့ အီရန်ရိုက်

အီရန်ရိုက်ဟာ စပါးနဲ့ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးကို ချီးကျူးသွားခဲ့ပြီး အဲရစ်တန်းဟတ် အနေနဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ပိုင်းမှာ အဆိုပါ လူငယ်ကြယ်ပွင့်ကို ဒီထက် လုပ်ပိုင်ခွင့် ပေးသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့် ဧည့်သည် အသင်းကတော့ ခြေစွမ်း အသာစီး ရခဲ့ပါတယ်။

စပါးဟာ ပွဲချိန် အများစုမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ထိန်းချုပ် ကစားနိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ဘက်မှာ ခြေစွမ်းပိုင်း အရ ချီးကျူးစရာကောင်းတာ ကတော့ မိုင်နူးပဲ ဖြစ်ပါတယ်။ ယူနိုက်တက် အကယ်ဒမီစတားဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက ပရီးမီးယားလိဂ် debut ရခဲ့တာ ဖြစ်ပြီး အခုဆိုရင် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆ ပွဲဆက် ပွဲထွက်ခွင့် ရနေပါတယ်။

အာဆင်နယ် ဂန္တ၀င် အီရန်ရိုက် ကလည်း မိုင်နူးရဲ့ ခြေစွမ်း အပေါ် သဘောကျနေပြီး ၎င်းဟာ ယူနိုက်တက် ကွင်းလယ်ပိုင်းရဲ့ အနာဂတ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ရိုက်က “သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ တည်ငြိမ်စွာ ကစားပုံ ၊ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပုံ နဲ့ သူ့ရဲ့ နေရာယူပုံတွေကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ သူဟာ တစ်ခုခုတော့ တစ်ခုခု ပါပဲ။ မန်ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းမှာ တိုက်စစ်ပိုင်းကို pass လုပ်နိုင်ပြီး ဘောလုံးကို တည်ငြိမ်စွာ ၊ ညက်ညောစွာ ကစားနိုင်တဲ့သူကို ပိုင်ဆိုင်ထားပေမယ့် တန်ပြန်တိုက်စစ်နဲ့ ကစားနေတာကို ကျနော် တွေ့နေရပါတယ်။

ကျနော်ကတော့ မိုင်နူးကို ဘောလုံးကိုင်ကစားကာ တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်တဲ့ ပုံစံမျိုး မြင်တွေ့ချင်ပါတယ်။ တချိန်ချိန်မှာတော့ သူ့ကို စိတ်ကြိုက် ကစားခွင့်ပေးကာ ကွင်းလယ်ဗိုလ်ချုပ် တစ်ဦး လိုမျိုး တိုက်စစ်ကို ဘောလုံး progress လုပ်ခိုင်းတာ ၊ ဘောလုံး ကိုင်ကစားခွင့်ပေးတာ ၊ ကွင်းလယ်ကနေ ကစားကွက်ကို ထိန်းချုပ် ကစားစေတာမျိုး လုပ်စေရပါမယ်။

ဒါမှသာ တိုက်စစ် ကစားသမားတွေဟာ တန်ပြန် တိုက်စစ် အတွက်ပဲ တောက်လျှောက် ပြေးလွှားဆော့ကစားဖို့ ကြိုးစားနေမယ့် အစား ကစားကွက်ထဲ၀င်ပြီး ကွင်းလယ်ပိုင်းနဲ့ ချိတ်ကစားတာ ၊ one-two တွေ တွဲဆော့တာမျိုး ကစားကြမှာပါ။ ပြောရရင်တော့ ဘောလုံး ကစားတာပေါ့ဗျာ။” လို့ ဆိုလိုက်ပါတယ်။