ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး အနက် ဘယ်အသင်းမှာ သူ ပိုတန်ဖိုးထားခံရလဲ ဆိုတာ ဖြေကြားလာတဲ့ တူချယ်

 

ဂျာမန်လူမျိုး နည်းပြ သောမတ်စ် တူချယ်ဟာ လွန်ခဲ့တဲ့ တနှစ်ခန့်က ချဲလ်ဆီး အသင်းကို ကိုင်တွယ်နေခဲ့ပြီး ၊ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ နည်းပြ ရာထူးက ထုတ်ပယ်ခြင်းကို ခံရတဲ့ ပထမဆုံး နည်းပြ ဖြစ်ခဲ့ပါတယ် ။

တူချယ်ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီး အသင်းကို နောက်ဆုံး ကိုင်တွယ်ခွင့် ရတဲ့ နည်းပြ ဖြစ်သလို ၊ ၄င်းဟာ ချဲလ်ဆီးကို နောက်ဆုံး ဆုဖလား ရယူပေးထားတဲ့ နည်းပြလည်း ဖြစ်ပါတယ် ။

တော့ဒ်ဘိုလီတို့ တူချယ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ ၃ဦး အထိ အပြောင်းအလဲလုပ် ခန့်အပ်ခဲ့ဖူးပေမယ့် ၊ ချဲလ်ဆီးတို့ဟာ တူချယ် လက်ထက်တုန်းက ဆိုးသထက်ဆိုး ၊ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာတာကို တွေ့ရပါတယ် ။

ယင်းဂျာမန်သားဟာ ချဲလ်ဆီးမှာ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေ ဆွတ်ခူးပေးခဲ့သလို ၊ ပွဲပေါင်း ၆၀ အနိုင်ရခဲ့ပြီး ၊ ၂၄ပွဲသရေကျကာ ၊ ၁၆ပွဲ ရှုံးတဲ့ မှတ်တမ်း တရပ် ပိုင်ဆိုင်ခဲ့ပါတယ် ။

ဒါဟာ နိုင်ပွဲ ရာခိုင်နှုန်း ၆၀ အထိ ရှိပေမယ့် ၊ တော့ဒ်ဘိုလီတို့ဟာ ၄င်းတို့ ထိန်းချုပ်နိုင်မယ့် နည်းပြ တဦးနဲ့သာ လက်တွဲ အလုပ်လုပ်လိုတာကြောင့် တူချယ်ကို နွေရာသီစျေးကွက် ပိတ်သိမ်းအပြီး ရက်ပိုင်းအကြာမှာပဲ ထုတ်ပယ်ခဲ့ပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေဟာ အေဘရာမိုဗစ်ခ်ျ လက်ထက် နောက်ဆုံး လက်ကျန်ကာလ အတွင်း sanction ထိထားချိန် အသင်း အပေါ် ရာနှုန်းပြည့် ပေးဆပ်ခဲ့တဲ့ တူချယ်ကို နာမည်ကြီး နည်းပြ ဂျိုဆေး မော်ရင်ညို ပြီးရင် အချစ်ဆုံး ဖြစ်ကြတယ် ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး ။

ချဲလ်ဆီးက အထုတ်ခံရအပြီး လပိုင်းအကြာမှာပဲ တူချယ်ဟာ ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာပြီး ၊ ရာသီအကုန်မှာ နည်းပြ ဘဝ ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ တူချယ်က ဂျာမန်မြေမှာ ဝေဖန်မှုတွေက ပြင်းထန်ကြောင်း ဖွင့်ဟရင်း ၊ သူဟာ အင်္ဂလန်နဲ့ ချဲလ်ဆီးမှာ ရှိနေစဉ်က ပိုတန်ဖိုးထားခံရတယ်လို့ ယူဆကြောင်း အခုလိုပဲ ဝန်ခံစကားဆိုလာပါတယ် ။

တူချယ် က ” ဟုတ်ပါတယ် ။ ဒါက အတော် ရိုးရှင်းတဲ့ မေးခွန်းလေးပါပဲ ။ ကျွန်တော်တို့ဟာ ဂျာမနီမှာဆို တယောက် အပေါ် တယောက် အရမ်း ဝေဖန်ကြတယ်လို့ ခံစားရပါတယ် ။ အထူးသဖြင့် ကစားသမားတွေ ၊ နည်းပြတွေနဲ့ ပတ်သက်လာရင်ပေါ့ ။ ”

” ဒီဝေဖန်မှု စက်ကွင်းကနေ လွတ်မြောက်နိုင်ဖို့ အရမ်း ခဲယဉ်းပါတယ် ။ ပုံရိပ်တခု ရှိပြီဆိုရင် ၊ အဲဒီပုံရိပ်က နောက်နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာလည်း ဒီပုံရိပ်အတိုင်းပဲ ရှိနေမှာပါပဲ ။ ဟုတ်ပါတယ် ။ ကျွန်တော် အင်္ဂလန်မှာ ပိုပြီး တန်ဖိုးထားခံရတယ်လို့ ခံစားခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR