နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲဆက် တမဟုတ်ချင်း တိုးတက်လာတဲ့ ချဲလ်ဆီး စတားရဲ့ အခန်းကဏ္ဍ ပြောင်းလဲလာမှုကို ရှင်းပြခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ၅ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ၊ လက်ကျန် ၃ပွဲ အလို ယူရိုပါလိဂ် ဝင်ခွင့် တနေရာ အတွက် ရောင်ခြည် ပိုသန်းလာပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး တသင်းလုံး အချိတ်အဆက်မိမိ ကစားနိုင်ခဲ့တဲ့ အပြင် ၊ တဦးချင်း သွင်းဂိုးတွေ ရဖို့ထက် အသင်း အနိုင်ရရေး ၊ အနိုင်သေချာစေရေးကို အဓိက ဦးစားပေး ကစားသွားခဲ့တာက ပရိသတ်တွေကို ကျေနပ်အားရမှု အပြည့်ပေးစေပါတယ် ။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ရာသီသိမ်းခါနီးမှာမှ ဒဏ်ရာရ ကစားသမား အရေအတွက် တိုးမြင့်လာတာကြောင့် နည်းစနစ် အပြောင်းအလဲ တချို့ လုပ်ခဲ့ရကာ ၊ ထိုအထဲမှာ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာကို ကွင်းလယ်တက် ကစားစေတဲ့ နည်းစနစ်က အထူး အသုံးဝင်ခဲ့ပါတယ် ။

နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲ အတွင်း ကူကူရယ်လာ တယောက် ထို Advanced ဖြစ်တဲ့ အခန်းကဏ္ဍမှာ အတော်လေး ခြေစွမ်းပြထားပြီး ၊ ၄င်းဟာ ပြိုင်ဖက်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို လုံးဝ ဟန့်တားမှု ပေးနိုင်ခဲ့သလို ၊ အသင်းဖော်တွေကို တိုက်စစ်ပြန်စတဲ့ နေရာမှာလည်း အကြိမ်ကြိမ် ကူညီပေးခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ဘာကြောင့် ထိုနည်းစနစ်ကို ပြောင်းလဲ ချဉ်းကပ်ခဲ့ရသလဲ ဆိုတာ ရှင်းပြရင်း ၊ ဒီလို အနေအထားမျိုး ရောက်လာဖို့ ဘယ်အဆင့်တွေကို အရင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

 

ပိုချက်တီနို က ” ဒီအခန်းကဏ္ဍကို အနာဂတ်မှာ ကျွန်တော်တို့ အသုံးချနိုင်ပါတယ် ။ ဒါပေမယ့် ဒီမတိုင်ခင်ကတော့ ခင်ဗျားဟာ ယုံကြည်မှုကို အရင် တည်ဆောက်ဖို့ လိုပြီး ၊ အသင်းကို ပြိုင်ဆိုင်မှု ပြင်းထန်အောင် လုပ်ပေးရပါမယ် ။ နည်းစနစ်ပိုင်း ဆင့်ကဲပြောင်းလဲမှု အတွက် ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဆီမှာ တွေးထားတာလေးတွေ ရှိပါတယ် ။ ”

” ဟုတ်ပါတယ် ။ ဒါကို အနာဂတ်မှာ ကျွန်တော်တို့ အသုံးချသွားမှာပါ ။ ဒါပေမယ့် အရေးကြီးဆုံး အရာက ခင်ဗျားမှာ ထိုင်ခုံမရှိရင် ခင်ဗျား ထိုင်လို့ မရပါဘူး ။ ထိုင်ခုံကိုတော့ အရင်ဆုံး တည်ဆောက်ဖို့ လိုပါလိမ့်မယ် ။ ဘောလုံးမှာ ပြဿနာက ခင်ဗျားမှာ အသင်း တသင်း်မရှိရင်တောင် ခင်ဗျားဟာ အသင်း တသင်းလို ပြုမူဖို့ မျှော်မှန်းခံရပါတယ် ။ ”

” ခင်ဗျားဟာ အရမ်း တကိုယ်ကောင်းဆန်ပြီး ၊ နောက်တော့ ဒါကို ခင်ဗျား မျှဝေဖို့ လိုပါတယ် ။ ဘောလုံးမှာ ပထမဦးစားပေး အရာတွေဟာ အဆောက်အဦးတွေ တည်ဆောက်ပေးမယ့် အင်ဂျင်နီယာတွေလိုပါပဲ ။ ခင်ဗျားဟာ အိမ်တွင်းပစ္စည်းကောင်းတွေကိုတော့ ခပ်မြန်မြန်ပဲ မြင်ချင်တာပါ ။ ခင်ဗျား အဲဒီမှာ နေချင်တာကိုးဗျ ။ ”

” ဒါကြောင့် တခါတလေမှာ ကျွန်တော်တို့ဟာ လူတွေရဲ့ အလုပ်နဲ့ နည်းပြအဖွဲ့ ၊ လူငယ် ကစားသမားတွေကို ဝေဖန်အကဲဖြတ်တဲ့ နေရာမာတော့ တခါတလေ အမှားလုပ်မိနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR