မက်ဆီ အတွက် ဆုကိုယ်စား လက်ခံ ရယူရင်း စပါး အသင်းကို ကပ်ဖဲ့ခဲ့တဲ့ အွန်နရီ

 

အာဆင်နယ် အသင်း ရဲ့ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ ဟာ ဒီနေ့ မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲမှာ ခါးသီး မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်‌ဟော့စပါး အသင်းကို နောက်ပြောင် သရော် သွားခဲ့ပါတယ်။

အွန်နရီ ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၃၇၇ ပွဲ ကစား ၊ သွင်းဂိုး ၂၂၈ ဂိုး ၊ ဂိုးဖန်တီးမှု ၁၀၃ ကြိမ် အထိ လုပ်နိုင်ခဲ့ပြီး ဂန်းနားတို့နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ အက်ဖ်အေ ဖလား ၂ ကြိမ် ကိုင်မြှောက် နိုင်ခဲ့သူပါ။

အွန်နရီ ဟာ ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမား ဖြစ်တာနှင့် အညီ ဆုပေး ပွဲမှာလည်း အခွင့်အရေး ပေါ်ပေါက်လာတာနှင့် တစ်ပြိုင်နက် မြို့ခံပြိုင်ဘက် စပါး အသင်းကို စနောက် သွားခဲ့ပါတယ် ။ အွန်နရီ ဟာ ဖီဖာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆု ရရှိ သွားတဲ့ မက်ဆီ ကိုယ်စား ဆုကို လက်ခံ ရယူချိန်မှာ co-host ဖြစ်တဲ့ စပါး ပရိသတ် Reshmin Chowdhury ကို နောက်ပြောင် ကျီစယ် သွားခဲ့တာ ဖြစ်ပါတယ်။

အွန်နရီ က မက်ဆီ ကိုယ်စား ဆု လက်ခံရယူချိန်မှာ ” ကံမကောင်းစွာနဲ့ပဲ ဒီဆုကို လက်ခံရရှိသူက ဒီနေ့ပွဲမှာ ရှိမနေခဲ့ပါဘူး ။ ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ်စား လက်ခံ ရယူ ပေးဖို့ အကြောင်းဖန်လာတော့ ကျနော်ပဲ ကိုယ်စား ယူပေးလိုက်ပါမယ် ၊ ဒီဆုကို လက်ခံ ရယူပေးတာမှာ အကြောင်းအရင်း နှစ်ခုက အဓိက ကျပါတယ်၊ ပထမ တစ်ခုက ကျနော် ဒီဆု တခါမှ မရဖူးတာကြောင့် သိမ်းထားချင်လို့ပါ ။ ”

” နောက်ပြီး ခင်ဗျား(Reshmin Chowdhury) က တော့တင်ဟမ် ပရိသတ် မလား ၊ ခင်ဗျားက ဆုဖလားတွေကို လက်နဲ့ ကိုင်ဖူးနေကြ မဟုတ်တော့ ဒီဆုကို ကိုင်တွယ်တတ်မှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ကျနော်ပဲ လက်ခံ ရယူပေးလိုက်ပါ့မယ်ဗျာ ၊ ကျေးဇူး အများကြီး တင်ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM