ပရက်စတန်ကို ဂိုးပြတ် အနိုင်ရပြီးနောက် ခန္ဓာကိုယ် ဟန်ပန်အနေအထား ပြောင်းလဲပစ်ဖို့ ချဲလ်ဆီး စတား တဦးထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ချန်ပီယံရှစ် ကလပ် ပရက်စတန် အသင်းကို ဒုတိယပိုင်းမှ သွင်းဂိုးတွေနဲ့ အတူ ၄ – ၀ ရလဒ်နဲ့ အနိုင်ရပြီး ၊ စတုတ္ထအဆင့်သို့ သက်တောင့်သက်သာဖြင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဖူလ်ဟမ်နဲ့ ပွဲနောက်ပိုင်း ဂိုးပေါက် ရှာမတွေ့ခဲ့တဲ့ တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ခေါင်းတိုက်ဂိုးနဲ့ အတူ ချဲလ်ဆီး အတွက် အဖွင့်ဂိုးကို စတင်ရယူပေးခဲ့ပါတယ် ။ အဲ့ဒီနောက် ဧည့်သည် အသင်းဟာ ခြင်္သေ့ပြာတို့ရဲ့ တရစပ် တိုက်စစ်ဆင်မှုကို မခံနိုင်ခဲ့ပဲ ပြိုလဲခဲ့ရပါတယ် ။

ဘရိုဂျာဟာ ဒီပွဲမှာ ဂိုးပေါက် ရှာတွေ့ခဲ့သည့်တိုင် မပျော်မရွှင်ဖြစ်နေတာကို သူ့ရဲ့ ဟန်ပန်အမူအရာတွေက ရှင်းရှင်းကြီး ထောက်ပြနေပါတယ် ။ အထူးသဖြင့် အဖွင့်ဂိုး နောက်ပိုင်း မစ်ခ်ဟိုင်းလို မူဒရစ်ရဲ့ ဖြတ်တင်ဘောမှ တကြိမ် ၊ ရာဟင်း စတာလင်ရဲ့ အနီးကပ် ထိုးပေးမှုမှ တကြိမ် ဘရိုဂျာ တယောက် ဂိုးထပ်ရဖို့ အလွန်နီးစပ်ခဲ့ပါတယ် ။

ဟက်ထရစ် ရလုနီးနီး အနေအထား ဖြစ်ခဲ့တာကြောင့် ဘရိုဂျာ တယောက် ဂိုးရပေမယ့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာက မဆန်းကြယ်ခဲ့ပါဘူး ။ ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ ဘရိုဂျာကို မှိုင်မနေပဲ ပြုံးပြုံးလေး နေဖို့ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

ပိုချက်တီနို က ” ဒီဂိုးက သူ့အတွက် အံ့သြဖွယ် ဖြစ်စေပါလိမ့်မယ် ။ သူ ပြုံးသင့်ပါတယ် ၊ အကောင်းမြင်သင့်ပါတယ် ၊ သူ့ရဲ့ ကိုယ်ဟန်အမူအရာကို ပြောင်းလဲသင့်ပါတယ် ။ စွမ်းဆောင်ရည်ကောင်းတဲ့အခါ သူ ဂိုးပေါက်ပြန်ရှာတွေ့လာနိုင်ပြီး ၊ ဒီထက်လည်း တိုးတက်လာပါလိမ့်မယ် ။ ”

” ဒါက အသင်းအတွက်ရော သူ့အတွက် ယုံကြည်မှု တိုးစေရာမှာ အရေးပါပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထိုဂိုးက ဘရိုဂျာ အပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိစေနိုင်လဲ ဆိုတာ အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ပိုချက်တီနို က ” ဒီဂိုးက သူ့အတွက် အမှန်တကယ် အရေးကြီးခဲ့ပါတယ် ။ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် သူ့အနေနဲ့ ဒီနေ့လို ပွဲမျိုးတွေကနေ ခြေစွမ်းတိုးတက်ရေး အတွက် အသုံးချဖို့ လိုပါတယ် ။ သူ့ရဲ့ ကြံ့ခိုင်မှု အတွက် ( သို့မဟုတ် ) အလုပ်စည်းမျဉ်းအတွက် သူ့အနေနဲ့ ရှေ့ဆက် တိုးတက်လာဖို့ ၊ ခြေလှမ်းသစ် လှမ်းနိုင်ဖို့ လိုပါတယ် ။ ”

” နောက်ပြီး ဒီထက် ပိုပြုံးနေဖို့ ၊ ကိုယ့်ရဲ့ တိုးတက်မှု ဖြစ်စဉ်တွေ အတွက် ပိုပြီး အကောင်းမြင်ဖို့ လိုပါတယ် ။ သူ့ရဲ့ အလားအလာက အံ့သြဖွယ်ပါ ။ ကျွန်တော်တို့ဟာ အင်္ဂလန် ( သို့မဟုတ် ) ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ် တိုက်စစ်မှူး တယောက် အကြောင်း ပြောနေကြတာပါ ။ ”

” သူ့အနေနဲ့ ဒီထက် ပိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးဖို့ လိုပါတယ် ။ ကျွန်တော်တို့ကတော့ ဒါက ဘယ်တော့မှ လုံလောက်မှု မရှိဘူး ဆိုတာ နားလည်သဘောပေါက်စေဖို့ ၊ သူ ရှေ့ဆက် ပြင်းပြင်းထန်ထန် ကြိုးစားနိုင်ဖို့ ကူညီပေးသွားမှာပါ ။ ဒါနဲ့ သူဟာ တနှစ်နီးပါး ကာလရှည် ဒဏ်ရာ ခံစားခဲ့ရတာပါ ။ ”

” အခုတော့ သူ အချိန် လိုပါတယ် ။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ခြေစွမ်းအဆင့်မှာ စွမ်းဆောင်ပြဖို့က သူ့အတွက် မလွယ်နေပါဘူး ။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ကြီးမားလွန်းပြီး ၊ သူ့ကို ကျွန်တော်တို့ လိုအပ်သလို ၊ ဒီထက် ပိုပြီး တွန်းအားပေးစေချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR