၀က်စ်ဟမ်း အသင်း ရဲ့ အငြင်းပွားဖွယ် သွင်းဂိုးနဲ့ ပတ်သက်ပြီး အာတီတာ ဘာပြောခဲ့သလဲ

 

ဒီတစ်ပတ် ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ် မှာ လန်ဒန် မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို နှစ်ဂိုးပြတ် အရေးနိမ့် သွားခဲ့ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံး ကို ပြန်လည် တက်လှမ်းခွင့်နဲ့ လွဲချော် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်းအသင်း နဲ့ ပွဲတွင် ဂိုးပေါက် ကန်သွင်းမှုတွေ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြား လုပ်နိုင်ခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် စွမ်းရည်က ဆိုးရွားခဲ့သလို နိုင်လိုစိတ် ကင်းမဲ့တဲ့ ပုံစံ ဖြစ်နေခဲ့ပြီး အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန် အရေးနိမ့် သွားခဲ့ရတာပါ ။ နောက်ဆုံး မိနစ်မှာ ရိုက်စ်ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကို ရာယာ ကာကွယ် နိုင်ခဲ့တာကြောင့်သာ အာဆင်နယ် အသင်း ၃ ဂိုးပြတ် အရေးမနိမ့်ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် နဲ့ ပွဲမှာ ဝက်စ်ဟမ်း အသင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရပြီး နည်းပြ အာတီတာ ကတော့ ပွဲအပြီးမှာ လက်ရှိ အသုံးပြုနေတဲ့ နည်းပညာတွေဟာ ကောင်းမွန် လုံလောက်ခြင်း မရှိကြောင်း ဝေဖန် သွားခဲ့ပါတယ် ။

” ကျနော် မမြင်လိုက်ပါဘူး ၊ ဒါပေမဲ့ သူတို့ဘက်မှာလည်း ဂိုးစည်း မကျော် သွားကြောင်း သက်သေ ပြစရာ အထောက်အထား ဓါတ်ပုံ ရှိမနေပါဘူး ၊ နည်းပညာတွေ ဒီလောက် ထွန်းကား နေတဲ့ အချိန်မှာ ဂိုးစည်း မကျော်ကြောင်း ပြစရာ ရှိမနေတာက ရှက်စရာပါပဲ ။ လက်ရှိ အချိန်မှာ အသုံးပြုနေတဲ့ နည်းပညာက တိကျ ရှင်းလင်းတဲ့ အဖြေ မပေးနိုင်ဘူး ၊ လုံလောက် ကောင်းမွန်မှု မရှိဘူး ဆိုရင် ကျနော်တို့ ပိုမိုကောင်းမွန်တဲ့ နည်းပညာကို သုံးရပါမယ် ။ ”

” အဲ့ဒီဂိုးသာ မပေးရဘူး ဆိုရင် ကျနော်တို့ ဒီကနေ့ ရခဲ့တဲ့ အခွင့်အရေးတွေ နဲ့ ပွဲကို အနိုင် ရသွားနိုင်ပါတယ် ။ အခုတော့ ပြီးသွားပါပြီ ၊ ကျနော်တို့ လုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး ၊ ကျနော့် နည်းပြ ဘဝ သက်တမ်း တစ်လျှောက် စိတ်ပျက်စရာ အကောင်းဆုံး ညတစ်ညပါပဲ ။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ ။ ”

” ပုံမှန်အားဖြင့် အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ရင် ပွဲကို အနိုင်ရတာပါပဲ ။ ဘရိုက်တန် နဲ့ ပွဲမှာရော လီဗာပူး အသင်း နဲ့ ပွဲမှာ ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး သွင်းဂိုးတွေ ရခဲ့ပါတယ် ၊ ကျနော်တို့ အနေနဲ့ ပွဲကို သက်သောင့်သက်သာ အနိုင်ရဖို့ ဆိုရင် အဆုံးသတ် စွမ်းရည် ပိုမို တိုးတက်ကောင်းမွန်ဖို့ လိုပါတယ် ။ ဒီနေ့ ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM