လီဗာပူး ကစားသမားတစ်ဦးသာ ရာသီကုန်မှာ ထွက်ခွာသွားမယ်ဆိုရင် အတော့်ကို စိတ်ပျက်မိလိမ့်မယ်လို့ ဆိုလိုက်တဲ့ မက်မာနာမန်

စတီဗီမက်မာနာမန်က ဂျိုးဂိုးမက်ဇ်သာ ရာသီကုန်မှာ လီဗာပူးကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ အတော် စိတ်ပျက်မိမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ လီဗာပူး အတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး အန်ဒီရောဘတ်ဆန် ကော့စတပ် ဆီမီကတ် နဲ့ မာတစ် တို့ ဒဏ်ရာရနေချိန်မှာ ဗဟိုနောက်ခံလူ နေရာမှာသာမက ညာနောက်ခံလူနေရာနဲ့ ဘယ်နောက်ခံလူနေရာတွေမှာပါ ၀င်ဖြည့် ကစားပေးနေပါတယ်။

ဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတွေက ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ဒဏ်ရာကင်းကင်းနဲ့ အကောင်းဆုံး လုပ်ပြနေသူ ဖြစ်ပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်း မက်မာနာမန်က ဂိုးမက်ဇ်ဟာ လီဗာပူးရဲ့ အခြား ကစားသမားတွေလိုမျိုး ပရိတ်သတ်တွေရဲ့ ထိုက်သင့်တဲ့ ချီးကျူးမှုကို ရထားသူ မဟုတ်ဘူးလို့ ယုံကြည် နေပါတယ်။

မက်မာနာမန်က “သူဟာ အေးအေးနေတက်တဲ့ ကောင်လေးပါ။ သူဟာ အတိတ်မှာတုန်းက အတော်ဆိုးတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တင်တာ ၊ မဂ္ဂဇင်းအင်တာဗျူး ၊ ကြေငြာရိုက်ကူးမှုတွေ လုပ်တက်သူ မဟုတ်တာကြောင့် underrated ကစားသမား ဖြစ်ပါတယ်။

မော်ဒန်ခေတ်ရဲ့ ဘောလုံးသမားတွေကတော့ နေရာတိုင်းမှာ ရှိနေပါတယ်။ ဂျိုးကတော့ တချိန်လုံး အလုပ်အတွက်သာ အာရုံစိုက်ထားပြီး ပရော်ဖက်ရှင်နယ် တအားကျသူပါ။ သူဟာ ခံစစ်မှာ နေရာစုံ ကစားပေးခဲ့ပါတယ်။ ကလော့ဟာ သူ့ကို ညာနောက်ခံလူ နေရာကနေ အတွင်း ၀င်ကစားခိုင်းရင်တောင် သူဟာ ထရန့်လိုမျိုး သက်တောင့်သက်သာ ကစားနိုင်သူပါ။ သူဟာ အခု ပွဲရှိန်ရနေပြီး စူပါစတား ဖြစ်နေပါတယ်။ အခြား ကစားသမားတွေ လိုမျိုး ဆိုးရွားတဲ့ ပွဲတွေတော့ အရင်က ရှိဖူးခဲ့တာပေါ့ဗျာ။”

ဆက်လက်ပြီး မက်မာနာမန်က “ကျနော်ကတော့ သူ့ကို ဘယ်မှ မပြောင်းစေချင်ပါဘူး။ သူဟာ ပွဲတိုင်း ကစားချင်နေရင်တော့ ဒါဟာ ပြသနာပါပဲ။ သူဟာ နေရာစုံ ကစားနိုင်တဲ့ နောက်ခံလူ ဖြစ်ပြီး အမြဲတမ်း လီဗာပူး အတွက် အစွမ်းကုန် ကြိုးစားကစားပါတယ်။

သူသာ ထွက်ခွာသွားမယ် ဆိုရင်တော့ ကျနော် အတော်လေး စိတ်ပျက်မိမှာပါ။ ဘာလို့လဲဆိုတော့ ဂိုးမက်ဇ်လို ကစားသမားမျိုးဟာ ဘယ်ကလပ် မဆို အတွက် အဖိုးတန် ကစားသမား ဖြစ်လို့ပါ။ ခင်ဗျားတို့ ရီးရဲယ်မက်ဒရစ်ကို ကြည့်လိုက်ပါ။ သူတို့ဆီမှာ လူးကပ်ဗက်စ်ကွက် နဲ့ နာချို တို့လို တကယ့်ကို အသုံးတည့်ပြီး ကလပ်မှာ ၁၀ နှစ်လောက် ကစားပေးခဲ့တဲ့ ကစားသမားတွေ ရှိနေပါတယ်။

ဒီကစားသမားတွေနဲ့ ပက်သက်ပြီး အသင်းဖော်တွေရဲ့ အမြင်ကို ခင်ဗျားတို့ မေးကြည့်လိုက်ပါ။ သူတို့ကို တကယ် နှစ်သက်မှာပါ။ ဒ့ါကြောင့်လည်း သူတို့ ဒီအသင်းမှာ ဆက်ရှိနေတာပါ။ အသင်းတွေဟာ ဒီလို ကစားသမားမျိုးကို လိုအပ်ပါတယ်။ သူတို့ဟာ စူပါစတားတွေ လိုမျိုး တအား အရေးပါသူတွေပါ။” လို့ ဆိုလိုက်ပါတယ်။