သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ရဖို့ ရုန်းကန် နေရတဲ့ ဂန်းနားကြယ်ပွင့် ဘက်က ကာကွယ် ပြောကြားလိုက်တဲ့ အာတီတာ

 

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ကတော့ ဂန်းနား ကြယ်ပွင့် မာတင်နယ်လီ ဟာ ဒီရာသီသွင်းဂိုး နှင့် ဂိုးဖန်တီးမှုတွေ သိပ်လုပ်နိုင်ခြင်း မရှိသေးပေမယ့် ပြိုင်ဘက် အသင်းတိုင်းကို ခြိမ်းခြောက်မှု အပြည့် ပေးနိုင်တဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ကာကွယ် ပြောကြား လိုက်ပါတယ် ။

ဘရာဇီး လက်‌ရွေးစင် မာတင်နယ်လီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၃၆ ပွဲ ကစားရာမှာ သွင်းဂိုး ၁၅ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့သူပါ ။ ဒီရာသီ မှာတော့ မာတင်နယ်လီ ရဲ့သွင်းဂိုး ပါဝင် ပတ်သက်မှုဟာ အတော်လေး နည်းပါး လာခဲ့ပြီး ၁၆ ပွဲ ကစားအပြီး သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ် ထားနိုင်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ မာတင်နယ်လီရဲ့ စွမ်းဆောင်ရည် အပေါ် စိုးရိမ် နေကြမှုတွေကို ပယ်ချ သွားခဲ့ပြီး ဘရာဇီးသားဘက်က ကာကွယ် ပြောကြား သွားခဲ့ပါတယ် ။ ” ရှင်းပြဖို့တော့ အတော် ခက်ခဲပါတယ် ၊ တစ်ခါတစ်လေ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် နဲ့ သက်ဆိုင်သလို ကိုယ် ကန်လိုက်တဲ့ အလုံးက တိုင်ထိ သွားတာ ၊ လွဲချော် သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ”

” မာတင်နယ်လီ က တကယ် ကြိုးစား ကစား နေတာပါ ၊ သူက ကျနော်တို့ အသင်းမှာ ခြိမ်းခြောက်မှု အလုပ်နိုင်ဆုံး ကစားသမားပါပဲ ။ ဘောလုံး ရှိတဲ့ အချိန် ၊ မရှိတဲ့ အချိန် သူ့ရဲ့ နေရာယူ ကစားပုံ ၊ ပြိုင်ဘက် နောက်တန်း အပေါ် ဖိအားပေးပုံတွေကြောင့် ကျနော်တို့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်နေတာပါ ၊ သူ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ ပြန်ရလာပါလိမ့်မယ် ။ ”

” မာတင်နယ်လီ မှာ ယုံကြည်မှု နဲ့ ပတ်သက်ပြီး ပြဿနာ မရှိပါဘူး ။ တခါတလေ မှာတော့ သူ့အနေနဲ့ ခေါင်းမော့ပြီး တဖက် အသင်းရဲ့ ခံစစ်ကို ထိုးဖောက် ကျော်ဖြတ်ကာ အသင်းဖော်တွေကို ပံ့ပိုး ပေးဖို့ လိုအပ်ပါတယ် ၊ ပြိုင်ဘက် အသင်းရဲ့ ဂိုးဧရိယာ ထဲကို ချိန်သားကိုက် ပြေးဝင် လှုပ်ရှားဖို့ ဆိုတာက အခက်ခဲဆုံး အရာပါပဲ ၊ ဒါပေမဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးက မာတင်နယ်လီ မှာ ဘယ်တော့မှ မဖြစ်မယ့် အရာတစ်ခု ဖြစ်တယ် ဆိုတာ ကျနော် ပြောရဲပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM