ဂရင်းဝုဒ် ကို မရောင်းတဲ့ မန်ယူနိုက်တက် ၊ နိုင်ပွဲဆက်တဲ့ ပြင်သစ် ၊ လူထုတ်ရောင်းမယ့် ချဲလ်ဆီး တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ မှာ နယ်သာလန် နဲ့ ပြင်သစ် တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြ ပါတယ် ။ ပြင်သစ် ဟာ အိုင်ယာလန် အသင်းကို နောက်ခံလူ ပါဗက် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရပြီး အုပ်စုတွင်းမှာ ၆ မှတ်အပြည့် နဲ့ ဦးဆောင်နေပါတယ် ။

နယ်သာလန် အသင်းကတော့ ဂျီဘရော်တာ အသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား ကို မန်ယူနိုက်တက် နဲ့ ကစားတဲ့ FA Cup ပွဲမှာ ဒိုင်လူကြီး ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဝေဖန်ခဲ့မှုအတွက် စွဲချက်တင်ခဲ့ပါတယ် ။ မာကို ဆေးလ်ဗား ဟာ အဆိုပါ ပွဲမှာ ဒိုင်လူကြီး ကာဗာနတ် ကို ရိုင်းစိုင်းတဲ့ အမူအရာ ပြုမူခဲ့တာကြောင့် တကြိမ် စွဲချက် တင်ခံထားရသူ ဖြစ်ပြီး တပွဲတည်းမှာတင် အကြောင်းအရာ ၂ မျိုးနဲ့ စွဲချက်တင်ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။

ဘုန်းမောက် အသင်းဟာ ဂိုးသမားကြီး နီတို ကို နောက်ထပ် ၃ နှစ် စာချုပ်သက်တမ်းတိုး ချုပ်ဆို သွားခဲ့ ပါတယ ။ ဘာစီလိုနာ ဂိုးသမားဟောင်း နီတို ဟာ ဘုန်းမောက် အသင်းခေါင်းဆောင် အဖြစ် နဲ့ ၂၀၂၆ အထိ ဆက်ရှိ နေတော့မှာပါ ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တရားစွဲဆိုမှု ရုတ်သိမ်းခံ ထားရပြီး အသင်းမှာ ပြန်လည် ပါဝင်ခွင့် ရရှိမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေတဲ့ လူငယ် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် အတွက် တူရကီ ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ချ ခဲ့တယ်လို့ သိရပါတယ် ။

အမေရိက မေဂျာလိဂ် ကလပ်တွေဟာ လီယွန်နယ် မက်ဆီ နဲ့ PSG တို့ရဲ့ အခြေအနေတွေကို စောင့်ကြည့် နေကြပြီး မက်ဆီ သာ ပြင်သစ် ကလပ်ကနေ ထွက်ခွာမယ် ဆိုပါက အမေရိက ကို အရ ခေါ်ယူဖို့ ပြင်ဆင် နေကြတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဟောလိဝုဒ် သရုပ်ဆောင် ရိုင်ယန် ရေးနော ပိုင်ဆိုင်တဲ့ ဝရက်ဟမ်း အသင်းဟာ လာမယ့် နွေရာသီမှာ အမေရိက ကို ခရီးထွက်ပြီး ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားမယ့် ပွဲလည်း ပါရှိတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အရှုံးပြခဲ့မှုကြောင့် လာမယ့် နွေရာသီမှာ ကစားသမား အများအပြား ကို ရောင်းထုတ်ပြီး ဘဏ္ဍာရေး ဟန်ချက် ညီမျှအောင် လုပ်ဆောင်ရဖွယ် ရှိတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကနေ ထုတ်ပယ် ခံလိုက်ရတဲ့ နည်းပြကြီး အန်တိုနီယို ကွန်တီ ကတော့ ဇာတိမြေ အီတလီ ကို ပြန်သွားတော့မယ်လို့ သိရှိရပြီး စီးရီးအေ ထိပ်သီး ယူဗင်တပ် က ကွန်တီ ကို ပြန်လည် ခန့်အပ်ဖို့ စိတ်ကူး ရှိနေတယ်လို့ သိရှိရ ပါတယ် ။

မန်စီးတီး တိုက်စစ်မှူးလေး ဟာလန်း ဟာ ပေါင်ခြံဒဏ်ရာ အနည်းငယ် ရရှိနေတာကြောင့် နော်ေ၀ အသင်းကနေ နှုတ်ထွက်ကာ မန်ချက်စတာ ကို ပြန်ရောက်လာခဲ့ပါတယ် ။ မန်စီးတီး ဟာ အာလင်း ဟာလန်း ရဲ့ ဒဏ်ရာ အခြေအနေ ကို စစ်ဆေးနေပြီး လီဗာပူး နဲ့ ပွဲမှာ ပါဝင် နိုင်ဖို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

အင်္ဂလန် လူစာရင်းက နှုတ်ထွက် လိုက်တဲ့ မားကပ် ရက်ဖိုဒ့် ဟာလည်း မနေ့က ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ ကြံ့ခိုင်မှု တည်ဆောက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ် ။ ယူနိုက်တက် ဟာ လာမယ့် စနေနေ့ မှာ နယူးကာဆယ် နဲ့ ကစားရမှာပါ ။

 

SPORTS MYANMAR